ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုးကန့်တပ်နဲ့ 'ဝ' တပ်-နေပြည်တော်ခရီးနဲ့တရုတ်တွန်းအား
တရုတ်ရဲ့ ကြားဝင်တွန်းအားပေးမှုအောက်မှာ "ဝ" တပ်ဖွဲ့ (UWSA) နဲ့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) တို့ဟာ လာမယ့် ဩဂုတ်လအတွင်း နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိနေပါတယ်။
အဲဒီဆွေးနွေးပွဲတွေဟာ ဦးမင်းအောင်လှိုင် အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာပါ။ MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ တွေ့ဆုံမှုတွေဖြစ်လာမယ့်အရေးဟာ တရုတ်ရဲ့ သံတမန်ရေးဖိအားနဲ့ တိုက်တွန်းမှုတွေကြောင့်လို့ ဘီဘီစီကို ပြောဆိုပါတယ်။
ကိုးကန့်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် (TNLA) ခေါင်းဆောင်အဖွဲ့ နေပြည်တော်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက အခြားလက်နက်ကိုင်အဖွဲ့တွေလည်း အလားတူ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ဘေကျင်းက ကိုးကန့်တပ်နဲ့ နေပြည်တော်ကြား တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ဘာကြောင့် တွန်းအားပေးနေတာလဲ။
တရုတ်ကြားဝင်မှုရှိနေလား
ဘီဘီစီရဲ့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အပြောအရ တရုတ်နဲ့ ကိုးကန့်တပ်ခေါင်းဆောင်ပိုင်းတို့ဟာ ဇူလိုင်လအတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ တရုတ်က ကိုးကန့်တပ်ကို နေပြည်တော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ပထမတကြိမ်က ဇူလိုင်လ ပထမပတ်အတွင်း ကိုးကန့်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံမှုဖြစ်ပါတယ်။ ဒုတိယအကြိမ်က ဇူလိုင်လ တတိယပတ်က တရုတ်ကိုယ်စားလှယ်အဖွဲ့က လောက်ကိုင်မြို့ကိုရောက်ချိန် ထပ်ပြောခဲ့တာလို့ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုနှစ်ကြိမ်ရဲ့ ကြားကာလအတွင်းမှာပဲ မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့်တပ်တို့ဟာ လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်တပ်ဘက်က တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ သိန္နီမြို့အပါအဝင် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြို့တချို့ကို ပြန်လည်လွှဲပြောင်းပေးဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ကိုးကန့်တပ်ဘက်က မြို့တွေ ပြန်လည်လွှဲပြောင်းပေးရေး တောင်းဆိုချက်ကို လက်မခံခဲ့ဘဲ၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်သုံ့ပန်း ၅၀ ခန့်ကိုသာ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
"သုံ့ပန်းက ၅၀ ဝန်းကျင်လောက်ရှိတယ်။ ရာထူးအကြီးပိုင်းတော့ မပါဘူး" လို့ သူက ဆိုပါတယ်။
တရုတ်ကြားဝင်ညှိနှိုင်းမှုနဲ့ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်တို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေကိုပြန်လည်လွှဲပြောင်းပေးဖို့ ပြောဆိုချက်ကတော့ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ကိုးကန့်တပ်သတင်းရင်းမြစ်တချို့ က ပြောပါတယ်။
လာမယ့် နေပြည်တော်ဆွေးနွေးပွဲအတွက်ကတော့ တရုတ်ဘက်က တွေ့ရမယ့်အချိန်ကာလကိုပါ သတ်မှတ်ပေးထားတာကြောင့် ဩဂုတ်လဒုတိယပတ်အတွင်း နောက်ဆုံးထားပြီး နေပြည်တော်နဲ့ စကားပြောရမှာလို့ ဒီအခြေအနေကို သိရှိတဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
ကိုးကန့်တပ်နဲ့ 'ဝ'တပ်တို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆွေးနွေးပွဲတွေဖြစ်ရေး တရုတ်ကြားဝင်မှုကြောင့်လို့ ပြောနေကြပေမဲ့ တရုတ်ဘက်က ဒါကိုတိတိကျကျထုတ်ပြောတာမရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာ့ငြိမ်းချမ်းရေးကိုအစဥ်တစိုက် တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးကူညီမယ်လို့ တရုတ်ကတောက်လျှောက်ပြောဆိုထားတာပါ။
တရုတ်ဘာကြောင့်တိုက်တွန်းသလဲ
တရုတ်က သူနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသတွေရဲ့ ငြိမ်းချမ်းရေးအတွက် သုံးပွင့်တစ်ခိုင်ပုံစံနဲ့ ချဉ်းကပ်နေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ I တရုတ်လေ့လာရေးဌာန (China Desk / China Studies) တာဝန်ခံ မနန်းလွင်က မှတ်ချက်ပြုပါတယ်။
တရုတ်ရဲ့ သုံးပွင့်တစ်ခိုင်ဗျူဟာက (၁) ရွေးကောက်ပွဲကျင်းပရေး (၂) ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံပေးဖို့ တွန်းအားပေးပြီး တိုက်ရိုက်စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေး (၃) တရုတ်ရဲ့ ကြားဝင်မှုနဲ့ ငြိမ်းချမ်းရေးနဲ့ ဖျန်ဖြေမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တို့ဖြစ်ပါတယ်။
လက်ရှိမှာ အချက် ၁ နဲ့ ၂ က ဖြစ်ပေါ်ခဲ့ပြီလို့ တရုတ်ကယူဆသလို နေပြည်တော်မှာ အသွင်ပြောင်းအစိုးရအဖွဲ့ပေါ်ပေါက်လာပြီးနောက် နေပြည်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ရင်ကြားစေ့ရေးကို တရုတ်က ပိုပြီးအာရုံစိုက်လာတယ်လို့ သူကထောက်ပြပါတယ်။
တရုတ်အနေနဲ့ ရှမ်းမြောက်က လက်နက်ကိုင်တပ်တွေ နေပြည်တော်နဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ဘာကြောင့်လိုလားနေလဲဆိုတာကို မနန်းလွင်က အချက် ၃ ချက်နဲ့ ထောက်ပြပါတယ်။
- နယ်စပ်ဒေသ တည်ငြိမ်ရေး
- တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်နိုင်ရေး
- မြန်မာမှာရပ်နေတဲ့ တရုတ် စီမံကိန်းတွေပြန်အကောင်အထည်ဖော်နိုင်ရေး
လက်ရှိ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ - တရုတ်နဲ့ နယ်စပ်ဂိတ်တွေမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာဘက်ပို့လို့မရအောင် တရုတ်ဘက်က တင်းကျပ်ထားတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူကပြောပါတယ်။
ဒါကြောင့် နေပြည်တော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် လက်နက်ခဲယမ်းနဲ့ ပတ်သက်လို့ တားဆီးထားတာတွေကို ဖြေလျှော့ပေးမယ့်သဘော ယူနန်ဘက်က ဆွေးနွေးမှုတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာ - တရုတ်နယ်စပ်က နယ်စပ်ဂိတ်တွေမှာ စစ်လက်နက်တင်သွင်းမှုတွေကို ကန့်သတ်ထားပေမဲ့ ကုန်စည်ပို့ဆောင်ရေးကတော့ နှစ်ဖက်လုံးမှာရှိနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တချို့ ဆီက သိရှိရပါတယ်။ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေထဲမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပွင့်နေတဲ့ နယ်စပ်ဂိတ် ၄ ဂိတ်ရှိနေပါတယ်။
နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ဝင်ငွေ ဒုတိယအများဆုံးရတဲ့ ချင်းရွှေဟော်ဂိတ်အပြင် ကျင်စန်းကျော့၊ ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုးဂိတ်တွေမှာ ဒေသခံတွေသွားလာလို့ရတဲ့အပြင် နှစ်နိုင်ငံကုန်စည်ပြန်စီးဆင်းနေပြီလို့ ဆိုပါတယ်။ လောက်ကိုင်မြို့က ရန်လုံကျိုင်းဂိတ် -၁ ကိုတော့ တရုတ်ဘက်ခြမ်းက ၂၀၂၆ ဇူလိုင်လဝက်ကျော်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။
တဖက်မှာလည်း မူဆယ်ကုန်သည်တချို့ရဲ့ အပြောအရ ရှမ်းမြောက်၊ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ တရားဝင်ပြန်ဖွင့်နိုင်ရေးကို တရုတ်ဘက်နဲ့ နေပြည်တော်ဘက်က လိုလားနေကြတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ရှမ်းမြောက်၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဧရိယာကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ အာရက္ခတပ်တော်တို့ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုးကန့်တပ်ကသာ ဧရိယာနဲ့ဂိတ်အများစုကိုလွှမ်းခြုံထားတယ်လို့ ကုန်သည်တချို့ဆီကသိရှိရပါတယ်။
ရှမ်းမြောက်ဒေသ၊ တရုတ်အရေးလေ့လာစောင့်ကြည့်နေတဲ့ အကဲခတ်တစ်ဦးကတော့ တရုတ်ဘက်က ဒီလိုတိုက်တွန်းတာဟာ အပစ်ရပ်သဘောတူညီချက်ရထားပေမယ့် စစ်တပ်နဲ့ကိုးကန့်တပ်တို့ ကြားမှာ ခိုင်မာမှုမရှိသေးတာကြောင့်လို့ ဆိုပါတယ်။
"NCA မှာ ကိုးကန့်တပ်ကိုပါ လက်မှတ်ရေးထိုးတဲ့အထိ တရုတ်ကလိုလားတဲ့သဘောတွေ့ရတယ်" လို့ သူက ကောက်ချက်ချပါတယ်။
ကိုးကန့်တပ်အနေနဲ့ ငြိမ်းချမ်းရေးယူချင်တာထက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ဆို့မှုတွေ၊ လျှပ်စစ်ဖြန့်ဖြူးမှုဖြတ်တောက်တာ အပါအဝင် သံတမန်ရေးဖိအားပေးခဲ့တာတွေကြောင့် အခြေအနေအရသဘောတူရတာတွေရှိမယ်လို့ သူကပြောပါတယ်။
"မြို့တွေ ရွာတွေရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ရေရှည်ခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ၊ ရှင်းလင်းတဲ့ မူဘောင်တွေ မထွက်လာသေးဘူး။ လားရှိုးမြို့နယ်ထဲဆိုလည်း နယ်မြေအငြင်းပွားမှုတွေ ဆက်ရှိနေတုန်းပဲ"လို့ သူက ထောက်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၂ ပိုင်းအတွင်း ကိုးကန့်တပ်က မြန်မာစစ်တပ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့အပါအဝင် မြို့ပေါင်း ၁၀ မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲက လားရှိုးမြို့ကိုတော့ စစ်တပ်နဲ့ အပစ်ရပ်တဲ့ ၂၀၂၅ ခုနှစ်ထဲမှာပဲ ပြန်လွှဲပေးခဲ့ရပါတယ်။
လက်ရှိမှာ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေကတော့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ၊ မုံးကိုးစတဲ့ ၉ မြို့ဖြစ်ပါတယ်။
အဲဒီ မြို့ ၉ မြို့ထဲမှာ ကွမ်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးညဲ ၄ မြို့ကလွဲရင် ကျန်တဲ့ ၅ မြို့လုံးဟာ တရုတ်ပိုင်နက်နဲ့ ထိစပ်နေတဲ့ မြို့တွေဖြစ်ပါတယ်။
ကိုးကန့်တပ်ဟာ မြန်မာမှာလုပ်မယ့် တရုတ်ရဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းမှာ ရှမ်းမြောက်ဒေသထဲ ဖြတ်သန်းမယ့် နယ်မြေတကြောအတွက် လုံခြုံရေးတာဝန်ယူဖို့ တရုတ်က တာဝန်ပေးထားတဲ့အဖွဲ့အဖြစ် အကဲခတ်တွေကရှုမြင်ကြပါတယ်။
မြန်မာက တရုတ်စီမံကိန်းတွေကို ၂၀၂၆ ခုနှစ်ထဲမှာ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက်ဆိုပြီး မြေပြင်မှာ ထိန်းချုပ်ထားနိုင်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဧပြီလမှာ ကိုယ်စားလှယ်အဖွဲ့ ကို စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုကနေ တာဝန်ပေးချက်ထွက်လာတာဆိုတဲ့ ပြောဆိုချက်တွေလည်း ကိုးကန့်တပ်နဲ့ နီးစပ်သူတချို့ဆီကကြားသိရပါတယ်။
ISP-Myanmar က မနန်းလွင်ကတော့ "မြန်မာဘက်ခြမ်းက ပဋိပက္ခတွေ လျော့လေလေ တရုတ်အတွက် စီးပွားရေးအရရော ပထဝီအနေအထားအရရော အကျိုးအမြတ်တွေဖြစ်ထွန်းနိုင်လေ" လို့ သုံးသပ်ပါတယ်။
တရုတ်သြဇာလွှမ်းတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလား
တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို အဓိကအခြေခံပြီး ဖိအားပေးနေတာကြောင့် ကိုးကန့်တပ် (MNDAA) အနေနဲ့ နေပြည်တော်က ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖြစ်နိုင်ခြေ မြင့်မားနေတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"၈၀ ရာခိုင်နှုန်းလောက်က သေချာနေပြီ။ ဘယ်လိုအချက်တွေပေါ်မှာ အခြေခံပြီး နှစ်ဖက်ဆွေးနွေးမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်" လို့ သူက ဆိုပါတယ်။
နေပြည်တော်အစိုးရသစ်ရဲ့ ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်အရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပါ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းတပ် - TNLA က နေပြည်တော်နဲ့ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်လိုက်ပြီးနောက် ကိုးကန့်တပ်- MNDAA နဲ့ တရုတ်သြဇာလွှမ်းတဲ့တပ်တွေအပေါ် ဖိအားတွေ ပိုမိုများလာနိုင်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေးလေ့လာတဲ့အကဲခတ်က သုံးသပ်ပါတယ်။
"TNLA က နေပြည်တော်နဲ့ တွေ့ဆုံလိုက်တာက သူတို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတဲ့ အချက်ကို ပြသလိုက်တာဖြစ်တယ်။ အဲဒီနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ငြင်းဆန်နေတဲ့ အဖွဲ့တွေကို စစ်ရေးနည်းလမ်းကိုပဲ လိုလားတဲ့ အဖွဲ့တွေအဖြစ် ပုံဖော်ဖို့ ပိုလွယ်သွားနိုင်တယ်" လို့ သူက သုံးသပ်ပါတယ်။
ကိုးကန့်တပ်(MNDAA) အပြင် "ဝ"တပ် (UWSA) လည်းလာမယ့်ဩဂုတ်လမှာ နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ "ဝ"တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။
"၀" တပ်ဖွဲ့ နေပြည်တော်သွားမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက လားရှိုးမြို့က "၀" အဖွဲ့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို မေးမြန်း မှတ်ချက်တောင်းထားဆဲ ဖြစ်ပြီးပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ "၀" တပ်ဖွဲ့ အခြေစိုက်တဲ့ ပန်ဆန်းမြို့အထိ ပြီးခဲ့တဲ့လတုန်းက လာခဲ့တယ်လို့''၀''တပ်ဘက်က ဘီဘီစီကို အဲဒီတုန်းက အတည်ပြုထားပါတယ်။
နေပြည်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ပါ နီးစပ်သူတစ်ဦးကတော့ဆွေးနွေးပွဲတွေဖြစ်ရေး တရုတ်က ကူညီနေတာလို့ ပြောပါတယ်။
'' သူဝိုင်းကူပေးနေတဲ့အတွက်'ဝ'တပ် နဲ့ ကိုးကန့်အဖွဲ့တွေက နေပြည်တော်ကို စောပြီး ရောက်လာမှာပါ။သူတို့ နှစ်ဖွဲ့စလုံးက အကျိုးစီးပွားတွေ မတူကြပေမယ့် နှစ်ဖွဲ့စလုံး တရုတ်နဲ့ ကင်းလို့ မရတော့ တရုတ်သဘောလုပ်ရတာပဲ။ ကိုးကန့်ကတော့ တရုတ်နဲ့ ပိုနီးတယ်လို့ ပြောလို့ရတယ်''လို့ သူကဆိုပါတယ်။
MNDAA၊ TNLA နဲ့ UWSA တို့အပါအဝင် တရုတ်ဩဇာလွှမ်းမိုးမှုရှိတယ်လို့ ယူဆခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် နေပြည်တော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အရှိန်မြှင့်လာနိုင်တဲ့အလားအလာရှိနေတယ်လို့ တရုတ်နယ်စပ်အခြေစိုက် တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်က ကောက်ချက်ချပါတယ်။