ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, အာဆီယံအစည်းအဝေးတွေနဲ့ အလှမ်းဝေးနေဆဲလို့ ပြောဆိုမှုပြီးနောက် နေပြည်တော်ပြန်တုံ့ပြန်

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ပြောဆိုလာတာအပါအဝင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်သူနဲ့ ဆက်စပ်ဖမ်းမိသူ ၅ ယောက်ကို ပြင်ဦးလွင်တရားရုံးက သေဒဏ် ချမှတ်
  • အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့တာမဟုတ်ဘူးလို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်သူတွေကို သေဒဏ်ချမှတ်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်သူနဲ့ ဆက်စပ်ဖမ်းမိသူ ၅ ယောက်ကို သေဒဏ် ချမှတ်ခဲ့တယ်လို့ အောင်စံပယ်ရွှေဆိုင်နဲ့ နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။

    အောင်စံပယ်ရွှေဆိုင်ကို မနှစ်က နိုဝင်ဘာမှာ ဓားပြတိုက်ခဲ့သူနဲ့ ဆက်စပ်သူတွေကို ၈ ကြာပြီးနောက်၂၀၂၆ ခုနှစ် ဇူလိုင် ဒုတိယပတ်မှာ ပြင်ဦးလွင်တရားရုံးက အမိန့်ချတာလို့ ပြောပြပါတယ်။

    အောင်စံပယ်ရွှေဆိုင်ကို ဓားပြမှု ကျူးလွန်သူတွေဟာ ဒီဆိုင်တင်မကဘဲ မန္တလေး၊ မြစ်ကြီးနားမြို့တွေထဲက ရွှေဆိုင်တချို့ကိုလည်း ဓားပြမှုကျူးလွန်တာတွေကို ဆက်စပ်‌တွေ့ရှိတာကြောင့် အမှုစစ်ဆေးဖို့ ကျန်နေသေးတယ်လို့လည်း ရွှေဆိုင်နဲ့နီးစပ်သူက ရှင်းပြပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က ရွှေဆိုင်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်ကိုင်ကာ ဆိုင်ထဲကို ဝင်လာပြီး ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်ပြီးနောက် ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို CCTV မှတ်တမ်းကနေ တွေ့ရပါတယ်။

    သူတို့ကို ဆိုင်လုံခြုံရေးဝန်ထမ်းက ဝင်ရောက်တားဆီးချိန်မှာ အပစ်ခံရပြီး အသက်သေဆုံးခဲ့ပါတယ်။

    ပတ်ဝန်းကျင်က လူတွေ ဝိုင်းဖမ်းတာကြောင့် အဲဒီထဲက တစ်ယောက်ကိုဖမ်းမိခဲ့ပြီးနောက် ပါဝင်သူတွေက ဆက်စပ်ဖမ်းမိတာလို့ ရွှေဆိုင်နဲ့ နီးစပ်သူက ပြောပါတယ်။

    “အခုလို အမိန့်ချတာကတော့ သူတို့လုပ်ရပ်ကို သူတို့လုပ်တဲ့အတိုင်း ပြန်ခံရတာပဲလေ။ ရွှေဆိုင်ဘက်ကဆိုရင်လည်း ဝန်ထမ်းတစ်ယောက် အသက်ဆုံးရှုံးသွားရတာပဲ”လို့ သူက ပြောပါတယ်။

    သေဆုံးသွားတဲ့ လုံခြုံရေးဝန်ထမ်းရဲ့ မိသားစုကို ကျပ် သိန်း ၃၀၀ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

    ၂၀၂၆ ခုနှစ် ဧပြီ မှာ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းပေါ်က မေ စိန်ရွှေရတနာဆိုင်လည်း ဓားပြတိုက်မှုဖြစ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင်လည်း ဓားပြတိုက်ခံရပြီး ရွှေတွေလည်း ပါသွားခဲ့ပါတယ်။

  2. ကိုးကန့်တပ်နဲ့ 'ဝ' တပ်-နေပြည်တော်ခရီးနဲ့တရုတ်တွန်းအား

    တရုတ်ရဲ့ ကြားဝင်တွန်းအားပေးမှုအောက်မှာ "ဝ" တပ်ဖွဲ့ (UWSA) နဲ့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) တို့ဟာ လာမယ့် ဩဂုတ်လအတွင်း နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိနေပါတယ်။

    အဲဒီဆွေးနွေးပွဲတွေဟာ ဦးမင်းအောင်လှိုင် အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာပါ။ MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ တွေ့ဆုံမှုတွေဖြစ်လာမယ့်အရေးဟာ တရုတ်ရဲ့ သံတမန်ရေးဖိအားနဲ့ တိုက်တွန်းမှုတွေကြောင့်လို့ ဘီဘီစီကို ပြောဆိုပါတယ်။

    ကိုးကန့်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် (TNLA) ခေါင်းဆောင်အဖွဲ့ နေပြည်တော်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက အခြားလက်နက်ကိုင်အဖွဲ့တွေလည်း အလားတူ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

    ဘေကျင်းက ကိုးကန့်တပ်နဲ့ နေပြည်တော်ကြား တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ဘာကြောင့် တွန်းအားပေးနေတာလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. အာဆီယံအစည်းအဝေးတွေနဲ့ အလှမ်းဝေးနေဆဲလို့ လာဇာရိုပြောဆိုမှုပြီးနောက် နေပြည်တော်ပြန်တုံ့ပြန်

    မြန်မာခေါင်းဆောင်တွေအနေနဲ့ အာဆီယံ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့်ရဖို့ အလှမ်းဝေးနေတုန်းပဲလို့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဇူလိုင် ၂၃ ရက် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားအပြီးမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက “အာဆီယံဘုံသဘောတူညီချက် (၅) ချက်” ထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ပြန်လည်မေးခွန်းထုတ်လာပါတယ်။

    အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ “ဘုံသဘောတူညီချက် (၅) ချက်” ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ထွက်လာခဲ့တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ပြောဆိုလိုက်ပါတယ်။

    အာဆီယံဘက်ကတော့ ၅ ချက်ကို မြန်မာ့အရေးအတွက် အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားပြီး မြန်မာဘက်က အဲဒီအစီအစဉ် ဘယ်လောက်အထိ လိုက်နာဆောက်ရွက်တယ်ဆိုတာ အကဲဖြတ်နေဆဲလို့ ပြောဆိုထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံကို မူကြမ်းကြိုတင်ချပြ ညှိနှိုင်းတာ မရှိခဲ့ဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထည့်သွင်းကြေညာခဲ့တာကြောင့် ASEAN Consensus (အာဆီယံ ဘုံသဘောတူညီချက်) လို့ ခေါ်ဆိုနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

    ဇူလိုင် ၉ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံအခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုအတည်ပြုချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးကားခဲ့ပါတယ်။

    ဒါ့အပြင် ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ မြန်မာနိုင်ငံဟာ “မြန်မာ့ကိုယ်ပိုင် နည်းလမ်း” (Myanmar-owned and Myanmar-led approach) နဲ့ အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်အောင် ဆက်လုပ်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

    တစ်ဖက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ပြောထားပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချုပ်အခြာအာဏာကို လေးစားရေးနဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို လိုက်နာသင့်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  4. မင်္ဂလာပါ။

    ဇူလိုင် ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။