ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး
အသက် ၅ နှစ်အရွယ်မှာ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲသွားခဲ့တဲ့ မောင်အောင်မင်းခန့်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တာ ၃ နှစ်နဲ့ ၈ လ ကြာခဲ့ပါတယ်။
အဲဒီကာလတွေအတွင်းမှာ ပန်းရောင်းခိုင်းသူတွေနဲ့ ကြုံခဲ့ရသလို တောင်းရမ်းခိုင်းစေသူတွေနဲ့လည်းနေခဲ့ရတယ်လို့ ရဲစခန်းမှာ ဖွင့်ပြောထားပါတယ်။
ဒါတင်မက မွေးစားမိဘဆိုသူတွေနဲ့လည်းကြုံခဲ့ရပြီး အလားတူအလုပ်တွေကို လုပ်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ၄ နှစ်နီးပါးအတွင်း မိဘအရင်းတွေဆီ ပြန်ချင်တဲ့စိတ်ကြောင့် သူရှိနေတဲ့နေရာတွေကနေ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ သူ့ကို ကူညီပေးခဲ့သူ နှစ်ဦးက ပြောပါတယ်။
နောက်ဆုံးမှာတော့ ရန်ကုန်မြို့ရှိ ပရဟိတအဖွဲ့တချို့ရဲ့ကူညီမှုနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်မှာ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။
"သူကိုယ်တိုင်က မဆုတ်မနစ် ရုန်းကန်ခဲ့တာကြောင့် အခုလို လွတ်မြောက်လာတာပါ" လို့ မောင်အောင်မင်းခန့်ကို မိဘအရင်းတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်အောင် ကူညီပေးခဲ့တဲ့ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကဟာသိုင်း မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ မခိုင်သဇင်ဦးက ပြောပါတယ်။
ရန်ကုန်ဘူတာကြီးမှာ အမေပျောက်ရှာခဲ့တဲ့မောင်အောင်မင်းခန့်
မောင်အောင်မင်းခန့်ရဲ့မိဘတွေဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာဇာတိ ဖြစ်ပါတယ်။ သူ အသက် ၅ နှစ်ကျော်အရွယ်မှာ မိဘနှစ်ဦး စကားများရာက မိခင်ဖြစ်သူက သူနဲ့ အတူ ရန်ကုန်မြို့ကို ထွက်လာခဲ့ပါတယ်။
သားအမိနှစ်ယောက်ဟာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအနီးမှာ နေထိုင်တဲ့ အဒေါ်ရဲ့အိမ်မှာ ခဏတာ နေထိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဖခင်ဖြစ်သူက ပြန်လာဖို့ ဆက်သွယ်ခဲ့တာကြောင့် ကျိုက်မရောကို ပြန်ဖို့ ရန်ကုန်ဘူတာကြီးကို ရောက်ခဲ့ကြပါတယ်။
အဲဒီမှာပဲ သားအမိနှစ်ယောက် လူချင်း ကွဲသွားခဲ့တယ်လို့ ရန်ကုန်အခြေစိုက် မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်း ဒုတိယဥက္ကဋ္ဌ ဦးသီဟဝင်းက ပြောပါတယ်။
မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်းကလည်း စောင့်ရှောက်ရေးဂေဟာလိုပဲ မောင်အောင်မင်းခန့်ကို ရက်ပိုင်းစောင့်ရှောက်ခဲ့တဲ့လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
"ကလေး အိပ်နေတုန်း သူ့အမေက 'မုန့်သွားဝယ်မလို့၊ ခဏစောင့်နေ' လို့ ပြောပြီး ထွက်သွားခဲ့တယ်။ အဲဒီကနေ သားအမိနှစ်ယောက် ကွဲသွားခဲ့တာ" လို့ ဦးသီဟဝင်းက ဆိုပါတယ်။
မောင်အောင်မင်းခန့် နိုးလာချိန်မှာတော့ မိခင်ကို မတွေ့တော့ပါဘူး။ ငိုယိုပြီး လိုက်ရှာနေချိန်မှာ ဘူတာကြီးအတွင်း ကျင်လည်နေသူတချို့က မိခင်ဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးသွားပြီလို့ ပြောခဲ့ကြောင်း ကလေးထံက ပြန်လည်သိရှိရတယ်လို့ ဦးသီဟဝင်းက ပြောပါတယ်။
ဦးသီဟဝင်းရဲ့ပြောပြချက်အရ မိခင်ဖြစ်သူ ပြန်ရောက်လာချိန်မှာလည်း ကလေး ထွက်သွားပြီလို့ တခြားသူတွေက ပြောခဲ့တာကြောင့် နှစ်ဖက်စလုံး အချင်းချင်း လိုက်ရှာရင်း လူချင်းကွဲသွားခဲ့ကြတာလို့ ဆိုပါတယ်။
အသက် ၅ နှစ်ကျော်အရွယ် ကလေးတစ်ယောက်အတွက် အိမ်ကို ဘယ်လိုပြန်ရမလဲ၊ ဘယ်သူ့ကို အကူအညီတောင်းရမလဲ၊ မိသားစုနဲ့ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာ မသိခဲ့ပါဘူး။
အဲဒီနောက်ပိုင်းမှာတော့ ဘူတာကြီးဝန်းကျင် ကျင်လည်နေသူတချို့က မောင်အောင်မင်းခန့်ကို ခေါ်ယူပြီး ငွေတောင်းရမ်းခိုင်းစေတာတွေ လုပ်ခဲ့ကြောင်း ကဟာသိုင်း မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ မခိုင်သဇင်ဦးက မောင်အောင်မင်းခန့်ထံက ပြန်လည်ကြားသိရတဲ့အချက်တွေကို ကိုးကားပြီး ဘီဘီစီကို ပြောပြပါတယ်။
တဖက်မှာလည်း သားကို မတွေ့တဲ့အဆုံး ကျိုက်မရောက်ကို ပြန်သွားခဲ့တဲ့ မောင်အောင်မင်းခန့် မိခင်ဖြစ်သူဟာ သားစိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့အထိဖြစ်ခဲ့တယ်လို့ သိရှိရကြောင်း မခိုင်သဇင်ဦးက ပြောပြပါတယ်။
"ရွာရောက်တော့ ကလေးဘယ်မှာလဲဆိုပြီး မိသားစုတွေ၊ ဆွေမျိုးတွေက ဝိုင်းမေးတာ၊ ဖိအားပေးတာတွေကြောင့် မိခင်က စိတ်ဒဏ်ရာရသွားတယ်။ ဘူတာကြီးမှာ ကလေးပျောက်သွားတာကို မမှတ်မိဘဲ တခြားမြို့နယ်တွေကိုပဲ ပြောတော့တာ"လို့ မခိုင်သဇင်ဦးက ပြောပြပါတယ်။
အဲဒီအချိန်က အသက် ၅ နှစ်ကျော်အရွယ် မောင်အောင်မင်းခန့်ဟာ မိဘတွေနဲ့ ကင်းကွာပြီး သူ့ဘဝသူ ရုန်းကန်ခဲ့ရသလို မိခင်ဖြစ်သူမှာလည်း စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ကြရပါတယ်။ ဖခင်ဖြစ်သူကလည်း ရန်ကုန်ကို အကြိမ်ကြိမ်လာရှာပေမဲ့ မတွေ့ခဲ့ပါဘူး။
သားကို ရှာမတွေ့တဲ့ မိဘနှစ်ယောက်နဲ့ အိမ်ပြန်ဖို့ မသိတဲ့ ကလေးတစ်ယောက်ကြားမှာတော့ သုံးနှစ်နဲ့ ရှစ်လကြာ အချိန်ကာလတစ်ခု ခြားနားသွားခဲ့ပါတယ်။
၄ နှစ်နီးပါးအကြာ လမ်းပေါ်က နေ့ရက်များ
ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲကွာသွားပြီးနောက် မောင်အောင်မင်းခန့်ဟာ မိဘတွေ ပြန်လာရှာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဘူတာကြီးဝန်းကျင်မှာ အချိန်အတော်ကြာ ကျင်လည်နေခဲ့ဟန်ရှိတယ်လို့ ဦးသီဟဝင်းနဲ့ မခိုင်သဇင်ဦးတို့က ယူဆပါတယ်။
အဲဒီကာလအတွင်း ငွေတောင်းရမ်းခိုင်းစေသူတွေရဲ့လက်အောက်မှာ နေထိုင်ရသလို ပန်းရောင်းခိုင်းတဲ့သူတွေရဲ့အဓမ္မခိုင်းစေမှုအောက်မှာ နေခဲ့ရပါတယ်။
မောင်အောင်မင်းခန့်ရဲ့ပြန်ပြောပြချက်အရ ခိုင်းစေသူတွေက သတ်မှတ်ထားတဲ့ ငွေပမာဏ မရရှိတဲ့နေ့တွေမှာ အစာမကျွေးတာ၊ ရိုက်နှက်တာနဲ့ နှိပ်စက်တာတွေ ရှိခဲ့တယ်လို့ သိရကြောင်း ဦးသီဟဝင်းက ပြန်ပြောပြပါတယ်။
ဘူတာကြီးဝန်းကျင်ကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း ရန်ကုန်၊ ပန်းပဲတန်းမြို့နယ်ဘက် ရောက်ရှိသွားခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း ငွေတောင်းရမ်းခိုင်းစေသူတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။
ဦးတည်ရာမဲ့ ကျင်လည်နေချိန်မှာ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး မွေးစားမယ်ဆိုကာခေါ်ယူသွားခံရပြီး ဒလမြို့နယ်ရှိ သမ္မတကမ်းခြေဘက်ကို လိုက်ပါသွားခဲ့ရတယ်လို့ သိရှိရပါတယ်။
သမ္မတကမ်းခြေဟာ ရန်ကုန်မြို့ တဖက်ကမ်းရှိ ဒလမြို့နယ်က ကမ်းခြေတခုဖြစ်ပြီး သမ္ဗန်ဆိပ်တွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ အများစုနေထိုင်ကြပါတယ်။
ကလေးရဲ့ပြောပြချက်အရ မွေးစားဖခင်ဖြစ်သူမှာ အတည်တကျ အလုပ်အကိုင်မရှိဘဲ မွေးစားမိခင်ဖြစ်သူကတော့ တောင်းရမ်းစားသောက်သူဖြစ်တယ်လို့ သိရှိရကြောင်း မခိုင်သဇင်ဦးကပြောပါတယ်။
မွေးစားမိဘတွေနဲ့ နေထိုင်ရချိန်မှာလည်း မောင်အောင်မင်းခန့်ဟာ တောင်းရမ်းတာ၊ ပန်းရောင်းတာနဲ့ စွန့်ပစ်ဘူးခွံတွေ ကောက်တာတွေကို ဆက်လုပ်ခဲ့ရပါတယ်။
''သူ(မောင်အောင်မင်းခန့်) ပြန်ပြောပြတာအရဆိုရင် သူ့မွေးစားမိဘတွေဆီမှာ မနေနိုင်လို့ အခွင့်အရေးရတိုင်း အကြိမ်ကြိမ်ထွက်ပြေးခဲ့တယ်'' လို့ ဦးသီဟဝင်းက သူတို့သိရှိထားတာကို ပြန်ပြောပြပါတယ်။
ထွက်ပြေးတိုင်းလည်း သူနဲ့သူ့မိခင် ယာယီတည်းခိုခဲ့ဖူးတဲ့ အဒေါ်ဖြစ်သူကို တွေ့လိုတွေ့ငြား မင်္ဂလာဈေးနားပတ်ဝန်းကျင်ကို ရှာဖွေခဲ့ပေမဲ့ နေရာအတိအကျကို မမှတ်မိတာ၊ အိမ်ပြောင်းသွားပြီဆိုတဲ့ခန့်မှန်းပြောဆိုချက်တွေကြောင့် နောက်ဆုံးမှာတော့ ကလေးငယ်ဟာ မွေးစားဖခင်ရှိရာဆီ ပြန်ရောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလိုအဆင့်ဆင့်ဖြတ်သန်းနေထိုင်ခဲ့ရတာ ၃ နှစ်နဲ့ ၈ လကျော်ကြာခဲ့တယ်လို့ သူ့ကို ကူညီပေးခဲ့တဲ့ ဦးသီဟဝင်းနဲ့ မခိုင်သဇင်ဦးက ရှင်းပြပါတယ်။
၂၀၂၆ ဇူလိုင်လ ပထမပတ် နောက်ဆုံးထွက်ပြေးချိန်မှာတော့ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝန်းကျင်ကို ရောက်သွားခဲ့ပါတယ်။ ဘယ်ကိုဆက်သွားရမယ်မှန်း မသိတဲ့အချိန်မှာ တောင်းရမ်းခိုင်းစေသူတွေနဲ့ ထပ်မံကြုံတွေ့ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေရာကနေ ထပ်ပြီးထွက်ပြေးလာပြီးနောက် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား၊ ဂမုန်းပွင့်ကုန်တိုက်ဝန်းကျင်ကို ရောက်ရှိလာခဲ့ရာက မိဘရင်းတွေနဲ့ ပြန်ဆုံဖို့ အကြောင်းဖန်လာပါတယ်။
အဲဒီအချိန်ကတော့ ၂၀၂၆ ခုနှစ် ဇူလိုင်လဖြစ်ပြီး သူ့အသက်လည်း ၉ နှစ်ဝန်းကျင် ရှိနေပါပြီ။
ပရဟိတအဖွဲ့တွေက ဘယ်လိုချိတ်ဆက် ကူညီခဲ့ကြလဲ
မိဘနဲ့ ကွဲကွာနေရတဲ့ ကလေးတစ်ယောက်ရဲ့ ရုန်းကန်ခဲ့ရတဲ့ ၄ နှစ်နီးပါး ကာလမှာ တောင်းရမ်းခိုင်းစေတဲ့သူတွေ ရှိသလို ကူညီဖေးမသူတွေလည်း ရှိခဲ့ပါတယ်။
သူ ကျင်လည်ခဲ့တဲ့ နေရာတွေမှာလည်း သူဆာလောင်ချိန်မှာ ကျွေးခဲ့တဲ့သူတွေ၊ ကျောတခင်းစာ အိပ်ဖို့ နေရာလမ်းညွှန်ပေးသူတွေ၊ နေရာပေးခဲ့သူတွေကိုလည်း မောင်အောင်မင်းခန့် မှတ်မိတယ်လို့ ကဟာသိုင်း မိဘမဲ့ဂေဟာ တာဝန်ခံ မခိုင်သဇင်ဦးက ပြောပြပါတယ်။
"ကလေးက သွက်တယ်။ ဉာဏ်လည်း ကောင်းတယ်။ ဇွဲရှိတယ်။ စည်းကမ်းရှိတယ်။ ဘယ်သူက မုန့်ကျွေးတယ်၊ စောင့်ရှောက်တယ်ဆိုတာ မှတ်မိတယ်"လို့ မခိုင်သဇင်ဦးက ပြောပါတယ်။
သူနောက်ဆုံးကျင်လည်ရာဖြစ်သွားမဲ့ ကမ္ဘာအေး ဂမုန်းပွင့်နားကို ရောက်လာချိန်မှာ ကလေးတစ်ယောက်တည်း သွားလာပြီး အစားအစာတောင်းနေတာကို ပတ်ဝန်းကျင်က ထမင်းဆိုင်ရှင်တွေ၊ ကွမ်းယာရောင်းချသူတွေက သတိထားမိကြပါတယ်။
သူဟာ ညဘက်မှာ ဂမုန်းပွင်းကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်မှာ အိပ်ပြီး မိုးသည်းတဲ့ညတွေမှာဆို နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားအိပ်ရတာပါ။ ဒါ့ကြောင့် ကွမ်းယာဆိုင်ရှင်တစ်ယောက်က ခေတ္တနေရာပေး စောင့်ရှောက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် ဇူလိုင် ၃ရက် မှာ ကွမ်းယာဆိုင်ရှင်က ပရဟိတအဖွဲ့တွေကို ချိတ်ဆက်အကူအညီတောင်းတာကနေ မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်း (MSDK) အသင်း ဒုဥက္ကဋ္ဌ ဦးသီဟဝင်းက မောင်အောင်မင်းခန့်ကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။
ဦးသီဟဝင်းရဲ့ပြောပြချက်အရ မိဘတွေနဲ့ မအပ်နှံခင် ဇူလိုင် ၃ ရက်ညပိုင်းက ကလေးငယ်ဟာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းအနီးမှာ သွားလာနေခဲ့ပါတယ်။ ဒါကြောင့် စျေးဆိုင်တချို့ကနေ ကလေးငယ်ကို ကူညီပေးဖို့ မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်းကို ဆက်သွယ်လာရာကနေ ကလေးကို မိဘရင်းတွေနဲ့ အဆက်အသွယ်ရအောင် နောက်ထပ် ပရဟိတအဖွဲ့ တချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
''ကလေးကို ကမ္ဘာအေးဘုရားလမ်းကနေ ကျွန်တော် သွားခေါ်လာပြီးနောက် ကျွန်တော်တို့အသင်းမှာ ကလေးကို ကူညီနိုင်ရေး တိုင်ပင်တယ်။အဲဒီကနေ အဖြူရောင်ကမ်းလက်ပရဟိတအသင်းကနေ ဗိုလ်တထောင်က ကဟာသိုင်းကလေးစောင့်ရှောက်ရေးဂေဟာရဲ့တာဝန်ခံ ဖုန်းကို ပေးတယ်။ အဲဒီမှာကလေးကို ဂေဟာက တာဝန်ခံ မခိုင်က စောင့်ရှောက်ပေးနေရင်း အဆင့်ဆင့်ချိတ်ဆက်ကြပြီး မိဘရင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ'' လို့ ဦးသီဟဝင်း ကရှင်းပြပါတယ်။
မိဘအရင်းကိုသာ ရှာဖို့ စိစစ်ခဲ့ကြ
ကဟာသိုင်း မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာမှာ စောင့်ရှောက်ထားချိန်မှာ မောင်အောင်မင်းခန့်ဟာ မိဘတွေနဲ့ ကွဲကွာနေပြီး အိမ်ပြန်လမ်းပျောက်နေတဲ့ ကလေးဖြစ်တာကြောင့် သူ့မိသားစုကို ရှာဖွေပေးဖို့ ပရဟိတအဖွဲ့တွေက စတင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ကလေးသိထားတဲ့ အချက်အလက်တွေက အကန့်အသတ်နဲ့ပဲ ရှိနေပါတယ်။
သူ့ဇာတိဟာ မော်လမြိုင်ဘက် ဖြစ်တယ်ဆိုတာကို သိပေမဲ့ ကျေးရွာအမည်နဲ့ လိပ်စာအတိအကျကိုတော့ မမှတ်မိတော့ပါဘူး။ အဲဒီလို မမှတ်မိတဲ့ကြားက မောင်အောင်မင်းခန့် ထပ်ခါတလဲလဲ ပြောနေခဲ့တဲ့ စကားတစ်ခွန်းတော့ ရှိပါတယ်။
"မွေးစားအဖေဆီ ပြန်မပို့ပါနဲ့" ဆိုတာပါပဲ။
ဒါကြောင့် ပရဟိတအဖွဲ့တွေက တွေ့ရှိထားတဲ့ ကလေးရဲ့ မိဘအရင်းကိုသာ ရှာဖွေနေကြောင်း လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့အတူ ဖြန့်ဝေခဲ့ကြပါတယ်။
အဲဒီဖုန်းနံပါတ်ကို မွေးစားဖခင်ရဲ့ မိတ်ဆွေဆိုသူက ဆက်သွယ်လာခဲ့သလို ကလေးရဲ့ဆွေမျိုးဖြစ်ကြောင်း ပြောဆိုပြီး ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေလည်း အများအပြား ရှိခဲ့တယ်လို့ မခိုင်သဇင်ဦးက ပြောပါတယ်။
"ကျွန်မတို့က 'ကလေးဆွေမျိုးပါ' လို့ ပြောလာတိုင်း ကလေးနဲ့ တိုက်ရိုက် ဖုန်းမပြောခိုင်းဘူး။ စပီကာဖွင့်ပြီး ကလေးကို နားထောင်ခိုင်းတယ်။ အသံကို မှတ်မိလားဆိုတာ ပြန်မေးတယ်" လို့ မခိုင်သဇင်ဦးက ကလေးရဲ့မိဘအရင်းကို ရှာဖွေရာမှာ စိစစ်ခဲ့ပုံကို ပြောပြပါတယ်။
အဲဒီလို စိစစ်နေချိန်မှာပဲ မောင်အောင်မင်းခန့်ရဲ့အဒေါ်ဖြစ်သူဆိုသူက Viber ကနေ ဆက်သွယ်လာခဲ့ပါတယ်။
အဒေါ်ဖြစ်သူရဲ့ Viber ပရိုဖိုင်မှာ တင်ထားတဲ့ ကလေးဓာတ်ပုံကို မောင်အောင်မင်းခန့်က အရင်ဆုံး မှတ်မိခဲ့တာပါ။ အဲဒီပုံထဲက ကလေးဟာ ငယ်ငယ်တုန်းက သူနဲ့ အတူကစားခဲ့တဲ့ ဝမ်းကွဲဖြစ်တယ်ဆိုတာ ပြောနိုင်ခဲ့တဲ့နောက် မိဘတွေနဲ့ ဆွေမျိုးတွေကို ဆက်သွယ်နိုင်ခဲ့ကြပါတယ်။
"အဲဒီတော့ အစ်မ၊ အမေဖြစ်သူ၊ ဆွေမျိုးတွေနဲ့ Video Call ခေါ်ပြီး ပြောကြတာကို ဘေးကနေ ကြည့်ရင်း ပီတိဖြစ်လို့ မျက်ရည်တောင် ကျမိတယ်" လို့ မခိုင်သဇင်ဦးက သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် မိသားစုတွေ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့အခိုက်အတန့်ကို ပြောပြပါတယ်။
မိသားစုနဲ့ အဆက်အသွယ်ရရှိပြီးနောက် သူ့ကို တွေ့ရှိခေါ် ဆောင်ခဲ့တဲ့နေ့က မရမ်းကုန်းရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်မှာ မောင်အောင်မင်းခန့်ရဲ့ ဖခင်နဲ့ ဆွေမျိုးတချို့ကို မရမ်းကုန်းရဲစခန်းမှာ တွေ့ဆုံဖို့ ကူညီရေးအဖွဲ့တွေက ချိန်းဆိုခဲ့ကြပါတယ်။
ရဲစခန်းကို အသွားလမ်းမှာ ဂမုန်းပွင့်ကုန်တိုက်ဝန်းကျင်ကို ဖြတ်သန်းရတာကြောင့် အဲဒီနေရာမှာ မောင်အောင်မင်းခန့်ကို စောင့်ရှောက်ပေးခဲ့သူတွေကိုလည်း ဝင်ရောက်နှုတ်ဆက်ခဲ့ကြပြီး အကြောင်းကြားပေးခဲ့တယ်လို့ ဦးသီဟဝင်းက ပြောပါတယ်။
"မိဘအရင်းနဲ့ ပြန်တွေ့ပြီဆိုတာ သိတဲ့အချိန်မှာ သူ့ကို ထမင်းကျွေး၊ မုန့်ကျွေး၊ နေရာပေးပြီး စောင့်ရှောက်ခဲ့တဲ့သူတွေ လာနှုတ်ဆက်ကြတယ်။ ဝမ်းသာလွန်းလို့ ငိုတောင် ငိုကြတယ်" လို့ ဦးသီဟဝင်းက ပြောပါတယ်။
မရမ်းကုန်းရဲစခန်းမှာ ကလေးရဲ့ မွေးစာရင်း၊ အမည်နဲ့ အခြားအချက်အလက်တွေကို ကလေးနဲ့ ဖခင်ဖြစ်သူရဲ့ပြောဆိုချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မိဘအရင်းဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကလေးကို ဖခင်ထံကို လွှဲပြောင်းပေးခဲ့ပါတယ်။
"နောက်တစ်ကြိမ် ဒီလိုမဖြစ်ဖို့ ကလေးကို အကောင်းဆုံး စောင့်ရှောက်ဖို့နဲ့ ကလေးရဲ့တိုးတက်မှုတွေကို ဆက်သွယ်အကြောင်းကြားဖို့ ကတိတောင်းခဲ့တယ်။ သူ့အဖေကလည်း အကြိမ်ကြိမ် ကတိပေးပါတယ်" လို့ မခိုင်သဇင်ဦးက ပြောပါတယ်။
မောင်အောင်မင်းခန့်ရဲ့ဖြစ်စဉ်ကနေ မိသားစုနဲ့ ကွဲကွာပြီး လမ်းပေါ်ရောက်သွားတဲ့ ကလေးတွေ၊ တောင်းရမ်းခိုင်းစေမှုနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေကို ရင်ဆိုင်နေရတဲ့ ကလေးတွေ ရှိနေတာကိုမီးမောင်းထိုးပြခဲ့ပါတယ်။
ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ငါးနှစ်အရွယ် ကလေးငယ်ဟာ အသက် ၉ နှစ်အရောက်မှာတော့ မိခင်ကို ရှာဖွေတဲ့ခရီးရှည်လည်း အဆုံးသတ်သွားခဲ့ပါပြီ။