သတင်းထူး, ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်က KIA ကို စာပို့
နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့က ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပေးပို့ ထားတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့ဆီကနေ သိရှိရပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့လို့ သိကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က စက်တင်ဘာ ၄ ရက်ရက်စွဲနဲ့ တရားဝင်စာပေးပို့တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
''ကမ်းလှမ်းတဲ့ဖိတ်စာထဲမှာ အချက် ၂ ချက်ကို အဓိကပြောထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မရှိ ဖိတ်ခေါ်ထားတဲ့အကြောင်း ပြောပြထားတယ်။ နေပြည်တော်မှာ နှစ်ဖက် တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းအထိ ကေအိုင်အေဘက်က တုံ့ပြန်ချက်မရသေးဘူးလို့ ဆိုပါတယ်။
ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နေပြည်တော် NSPNC ရဲ့ဖိတ်ခေါ် ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး သူသိရှိထားတာမရှိသေးဘူးလို့ ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။
အခုနေပြည်တော်ရဲ့ကမ်းလှမ်းမှုဟာ စစ်အာဏာသိမ်းအစိုးရကနေ အရပ်ဘက်အသွင်ပြောင်းပြီး သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့အစိုးရကာလ ၅ လအတွင်း KIA ကို ပထမဆုံးအကြိမ် တရားဝင်ဖိတ်ခေါ် ချက်လို့ နားလည်ရပါတယ်။
အခုဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)ကို တရား၀င်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြေပြင်မှာတော့ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့ ကေအိုင်အေတို့ရဲ့တိုက်ပွဲ ၂ နှစ်နီးပါးအကြာ ဗန်းမော်ကို စစ်တပ်က အင်အားဖြည့်တင်းတာနဲ့ ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် ကသာ၊ ရွှေကူတို့မှာ တိုက်ပွဲဖြစ်နေချိန်မှာ နေပြည်တော်ရဲ့အခုလို ကမ်းလှမ်းချက် ထွက်လာပါတယ်။
ကေအိုင်အေ ဟာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ အဲဒီအချိန်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာအောင် သေနတ်သံတွေ တိတ်ဆိတ်စေခဲ့ပါတယ်။
ဒီမိုကရေစီအကူးအပြောင်းကာလ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ တကျော့ပြန် ကချင်စစ်ပွဲတွေ ပြန်စခဲ့ပါတယ်။
ဒါပေမဲ့ ကေအိုင်အေရဲ့ နိုင်ငံရေးအဖွဲ့ ကေအိုင်အိုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို စတင်ရေးဆွဲစဉ်က ဦးဆောင်ပါဝင်ခဲ့ပေမဲ့ လက်မှတ်ထိုးတဲ့အခါမှာ ပါမလာခဲ့ပါဘူး။
ကေအိုင်အို/ကေအိုင်အေကို ၁၉၆၀ ခုနှစ်က တက္ကသိုလ်ကျောင်းသား ၇ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တကျော့ပြန် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ စစ်တပ်ကို ဆန့်ကျင်ပြီး စစ်ရေးဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ လှုပ်ရှားနိုင်နေတာက ကေအိုင်အေရဲ့အကူအညီတွေကြောင့်လို့ စစ်တပ်ကလည်း မကြာခဏ ထုတ်ပြောထားပါတယ်။
လက်ရှိမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဟာ တော်လှန်ရေးအင်အားစုတွေရဲ့"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" မှာ ပါဝင်နေပါတယ်။