ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုကို စိစစ်မယ့် အရည်အချင်းစစ်ကော်မတီသစ် ဖွဲ့စည်း

ဓာတ်ပုံ ရင်းမြစ်, UN TV
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ရွှေ့ဆိုင်းလာခဲ့တဲ့မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို စိစစ်မယ့်အရည်အချင်းစိစစ်ရေးကော်မတီ(Credentials Committee) သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မတီက အခုစက်တင်ဘာလအတွင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကိစ္စကို စတင်စဉ်းစားမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ ကော်မတီအစည်းအဝေးပြုလုပ်ဖို့ရှိတယ်လို့ နားလည်ရပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက်မှာ စတင်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ပထမဆုံးအစည်းအဝေးမှာ အရည်အချင်းစိစစ်ရေးကော်မတီအတွက် အဖွဲ့ဝင် ၉ နိုင်ငံကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ကော်မတီမှာ ပုံမှန်ပါဝင်တဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ ၃ နိုင်ငံအပြင် ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန္ဓာနဲ့ ဗန်နူအာတူတို့ ပါဝင်လာပါတယ်။
အဲဒီထဲမှာ တရုတ်နဲ့ ရုရှားက နေပြည်တော်နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဗန်နူအာတူ၊ ယူဂန္ဓာ၊ ဘီနင်နဲ့ ဂျမေကာတို့ကလည်း တရုတ်နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။
Credentials Committee ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံထံ အစီရင်ခံဖို့ တာဝန်ရှိတာဖြစ်ပါတယ်။
Committee ကို အထွေထွေညီလာခံရဲ့ပုံမှန်အစည်းအဝေး တစ်ကြိမ်စီရဲ့အစမှာ အဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းလေ့ရှိပြီး နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကိုတော့ အထွေထွေညီလာခံက ချမှတ်တာဖြစ်ပါတယ်။
လက်ရှိမှာ ကုလအရည်အချင်းစစ်ကော်မတီအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို အတည်ပြုဆုံးဖြတ်တာ မရှိသေးဘဲ ရွှေ့ဆိုင်းခဲ့တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေပါတယ်။
၂၀၂၅ ခုနှစ်မှာလည်း မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ credentials နှစ်စုံ ရရှိထားတာကြောင့် Committee က ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဦးဝင်းမြင့်အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း နေပြည်တော်ဘက်ကလည်း မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ကိုယ်စားလှယ်အသစ်ခန့်အပ်ဖို့ credentials တင်သွင်းခဲ့တာကြောင့် ကုလသမဂ္ဂမှာမြန်မာအတွက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်ဘက်က လက်ရှိသူတို့ရဲ့အစိုးရကို အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖော်ပြထားသလို နိုင်ငံတကာမျက်နှာစာမှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းမယ်လို့ ပြောထားပါတယ်။
တစ်ဖက်မှာလည်း ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ဒီမိုကရေစီလိုလားသူတွေဘက်က ဆန္ဒထုတ်ဖော်မှုတွေနဲ့ အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။


