မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ပေးတဲ့ ဝါရှင်တန်ကုမ္ပဏီကို အမေရိကန်အမတ်ဟောင်း ဝေဖန်, လော်ဘီမလုပ်နိုင်အောင် ဥပဒေနဲ့ပြဋ္ဌာန်းပိတ်ပင်ဖို့ တိုက်တွန်းမှုတွေရှိ
ဝါရှင်တန်အစိုးရနဲ့နီးစပ်ဖို့ မြန်မာစစ်တပ်နဲ့သူ့အစိုးရအတွက် တစ်နှစ်ကို ဒေါ်လာ ၃ သန်းယူပြီး လော်ဘီလုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီကို အမေရိကန် အထင်ကရ အမတ်ဟောင်း ဖရန့်ခ် ၀ုဖမ်က ပြင်းပြင်းထန်ထန်၀ေဖန်လိုက်ပြီး ဥပဒေနဲ့ပိတ်ပင်ဖို့ လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
အထက်လွှတ်တော်အမတ်ဟောင်း ဖရန့်ခ် ဝုဖ်ဟာ ရီပတ်ဘလီကန်ပါတီ၀င်ဖြစ်ပြီး ဒီမိုကရက်ပါတီဘက်ကလည်း လေးစားသမှုရှိတဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။
သူဟာ ဗာဂျီးနီးယားပြည်နယ်၊ ဖောစ်ချာ့မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ဆုပေးပွဲ(Frank Wolf International Religious Freedom Award) အခမ်းအနားမှာ ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်က အမေရိကန်အစိုးရနဲ့ဆက်ဆံရေး ပျိုးထောင်ဖို့ ဝါရှင်တန်အခြေစိုက် လော်ဘီ ကုမ္ပဏီ DCI ကို ငှားရမ်းခဲ့တာကို ရှုတ်ချပြောဆိုတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေပြီး ခရစ်ယာန်အသိုင်းအဝိုင်းတွေကို အထူးပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်းပြောပါတယ်။
ဖောချာ့စ်မြို့မှာ ကျင်းပတဲ့ Frank Wolf International Religious Freedom Award ဆုကိုတော့ မြန်မာ့အရေးကြိုးပမ်းတဲ့ Burma Adovcacy Group အဖွဲ့ အမှုဆောင်ချုပ် သိက္ခာတော်ရဆရာတော် ဒေါက် အေ ရွိုင် မက်ဒလီက ရရှိပါတယ်။
မြန်မာကို အကူအညီပေးတဲ့ Burma Act ကို အမေရိကန်လွှတ်တော်မှာ အတည်ပြုရေး ကြိုးပမ်းခဲ့ကြသူတွေထဲ ပါ၀င်တဲ့ ဗမာသုတေသန အင်စတီကျု(BRI) ဥက္ကဋ္ဌ ဇိုသုန်းမှုန်ကတော့ မြန်မာစစ်တပ်အနေနဲ့ အမေရိကန် လော်ဘီကုမ္ပဏီတွေကို ငှားရမ်းခွင့်မရအောင် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
BRI ဘက်ကတော့ ဒီတောင်းဆိုချက်ဟာ ၂၀၂၆ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြံပြုချက်နဲ့လည်း ကိုက်ညီနေတယ်လို့ဆိုပါတယ်။
အဲဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်အနေနဲ့ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီတွေကို အသုံးပြုပြီး သူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေ ရှောင်ရှားဖို့နဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းကို တားမြစ်နိုင်မယ့် ဥပဒေပြဋ္ဌာန်းဖို့ ကွန်ဂရက်ကို တိုက်တွန်းထားပါတယ်။