တိုက်ရိုက်ထုတ်လွှင့်မှု , လစာပေးဖို့ ငြင်းဆိုတဲ့ တရုတ်အလုပ်ရှင်ကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး မြန်မာဇနီးမောင်နှံ ၂ တွဲကို ထိုင်းရဲ ဖမ်းဆီး

တရုတ်အလုပ်ရှင်ကို သတ်ဖြတ်မှုနဲ့ မြန်မာဇနီးမောင်နှံ ၂ တွဲကို ထိုင်းရဲ ဖမ်းဆီးတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • လစာပေးဖို့ ငြင်းဆိုပြီး ဆဲရေးတဲ့ တရုတ်အလုပ်ရှင်ကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး မြန်မာလင်မယား စုံတွဲ ၂ တွဲ (လေးဦး) ကို ထိုင်းရဲ ဖမ်းဆီးလိုက်ပါတယ်။
  • အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာအရေးအထူးသံ မစ္စ လာဇာရို တောင်ကြီးကစစ်ရှောင်စခန်းတချို့ကိုသွားရောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်။
  • မြန်မာဘက်က တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ကျလို့ ထိုင်းအမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့အပြီးမှာ မြန်မာဘက်ခြမ်းကို ပြန်လည်သတိပေးပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြေရှားလုပ်ကွက်တွေထဲက လိင်အမြတ်ထုတ်မှု

    မြေရှားလုပ်ကွက်တွေမှာ ငွေကြေးမက်လုံးပေးပြီး လိင်အမြတ်ထုတ်‌မှုတွေရှိလာ
    ဓာတ်ပုံ ပုံစာ, မြေရှားလုပ်ကွက်တွေမှာ ငွေကြေးမက်လုံးပေးပြီး လိင်အမြတ်ထုတ်‌မှုတွေရှိလာ

    မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်မြို့တွေမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ ရာနဲ့ချီ ပိုတိုးလာတယ်လို့ စစ်တမ်းတွေက မီးမောင်းထိုးပြနေပါတယ်။

    တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ တူးဖော်နေကြတဲ့ ဒီလုပ်ကွက်တွေမှာ မြန်မာအမျိုးသမီးတွေကို ငွေကြေးမက်လုံးပေးပြီး လိင်အမြတ်ထုတ်‌မှုတွေရှိလာတယ်လို့ လုပ်ကွက်တွေထဲက အမျိုးသမီးသုံးဦးက ထုတ်ပြောပါတယ်။

    သူတို့က ကချင်ဒေသထဲက မတူညီတဲ့မြေရှားတူးဖော်ရေးလုပ်ကွက်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

    ကချင်က မြေရှားလုပ်ကွက်တွေမှာ အမျိုးသမီးလုပ်သားတွေ လိင်လုပ်သားလုပ်ဖို့ ဘယ်လိုဖိအားပေးခံနေရလဲ။ မြေရှားလုပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ကရော ဘယ်လိုဖြေရှင်းနေလဲဆိုတာကို ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။

  2. မမြဆည်ကပြောတဲ့ မြန်မာဆည်တွေ ကြံ့ခိုင်ရေးသင်ခန်းစာ

    မမြဆည်ပြင်ဆင်မှုလုပ်ငန်း
    ဓာတ်ပုံ ပုံစာ, မမြဆည်ပြင်ဆင်မှုလုပ်ငန်း

    မမြဆည်မှာ ဖြစ်ခဲ့တဲ့ တာဘောင်မြေသားလျှောကျမှုကြောင့် လူတစ်သောင်းကျော် ယာယီရွှေ့ပြောင်းခဲ့ရပြီး အခုတော့ အရေးပေါ်အခြေအနေကို ကျော်လွန်သွားပါပြီ။

    ဒါပေမဲ့ သက်တမ်းရလာတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတဲ့ သင်ခန်းစာကတော့ ကျန်နေခဲ့ပါတယ်။

    မမြဆည် ဖြစ်စဉ်နောက်ပိုင်း တခြားဆည်တွေကိုပါ သေချာစောင့်ကြည့် စစ်ဆေးဖို့ စီစဉ်လာတာဟာ အန္တရာယ်ဖြစ်လာမှ ပြုပြင်တာထက် ပြဿနာမဖြစ်ခင် ဆည်ရဲ့ပြောင်းလဲမှုတွေကို အချိန်မီသိနိုင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြနေပါတယ်။

    ဒီအခြေအနေက မမြဆည်တစ်ခုတည်းကိုသာ ပြန်ကြည့်စရာဖြစ်စေတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တည်ဆောက်ခဲ့ပြီး ဒီနေ့အထိ အသုံးပြုနေတဲ့ တခြားဆည်တွေရဲ့ ဆောက်လုပ်မှု၊ ကြံ့ခိုင်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကိုပါ ပြန်ကြည့်စရာ ဖြစ်လာပါတယ်။

    ဆောင်းပါးအပြည့်အစုံ ကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  3. ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလို့ ထိုင်းစစ်တပ် ပစ်ခတ်သတိပေး

    မြန်မာနယ်စပ်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်
    ဓာတ်ပုံ ပုံစာ, မြန်မာနယ်စပ်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်

    မြန်မာဘက်ခြမ်းက တိုက်ပွဲကနေ လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁ ဦး ဒဏ်ရာရခဲ့အပြီးမှာ ထိုင်းဘက်က ဒီအခြေနေကို မီးခိုးဗုံးပစ်ပြီး ပြန်လည် သတိပေးပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ထိုင်း -မြန်မာနယ်စပ်၊ မြ၀တီမြို့တောင်ပိုင်းက မြန်မာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်း အဖွဲ့တွေရဲ့တိုက်ပွဲအတွင်း မော်တာကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလိုပြုလုပ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

    မဲဆောက်အပါအ၀င် ထိုင်းနယ်စပ် လုံခြုံရေးကိုင်တွယ်တဲ့ ထိုင်းစစ်တပ်ရဲ့ နရစွမ်တပ်ဖွဲ့ကတော့ အခုလိုပစ်ခတ်မှုကို စစ်ဘက်ဆိုင်ရာလုပ်ထုံးအလုပ်နည်း (ROE) အရ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

    အခြေအနေကို ဟန်ချက်ညှိအောင် ပစ်ခတ်တဲ့အနေနဲ့ အလင်းပြကျည်နဲ့ မီးခိုးကျည်တွေကို သတိပေး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

    မြန်မာဘက်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေအရ စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်က အစောပိုင်းကတည်းက ပြောထားပါတယ်။

  4. ထိုင်းဘက်ကို လက်နက်ကြီးကျလို့ လူ ၁ ဦး ဒဏ်ရာရ

    လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့သူ အမျိုးသမီး
    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့သူ အမျိုးသမီးလို့ဆို

    ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ပိုင်းက ဖလူး၊ မင်းလက်ပံ ဒေသတွေနဲ့ ဆက်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ဒီနေ့ မနက်ပိုင်းမှာ မြန်မာဘက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁ ဦး ဒဏ်ရာရပြီး အိမ် ၁ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

    ထိုင်းသတင်းတွေမှာတော့ မြန်မာဘက်က မော်တာကျည် လက်နက်ကြီး ၂ လုံးဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်က မဲ့ကိုကင်းကျေးရွာကို ကျရောက်ခဲ့တာဖြစ်ပြီး အဲဒီထဲက တစ်လုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

    ဒဏ်ရာရသူဟာ အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးဖြစ်ပြီး နေအိမ်ဘေးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ သူ့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆေးကုသမှုပေးနေပြီလို့သိရပါတယ်။

    မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်နောက်တစ်လုံးကတော့ ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေးလုပ်နေပြီလို့လည်း သိရပါတယ်။

    မဲဆောက်အခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးကတော့ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲဟာ ခါတိုင်းထက် ပိုပြီးထန်တယ်လို့ပြောပါတယ်။

    မြန်မာဘက်ခြမ်းမှာ တိုက်ပွဲကြောင့် မီးခိုးလုံးတွေ ထိုးတက်နေတာတွေ့ရပြီး ဒရုန်းအချို့ ပျံသန်းနေတာကိုလည်း တွေ့ရတယ်လို့ သူက လူမှုကွန်ရက်ပေါ်မှာ ရုပ်သံတင်ထားပါတယ်။

  5. မြန်မာရောက်နေတဲ့အာဆီယံအထူးသံ နေပြည်‌တော်က ခွင့်ပြုမယ့်အရေးပါတဲ့ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်

    ဖိလစ်ပိုင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို
    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို

    ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ လာဇာရိုက သူ့ရဲ့မြန်မာခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအပြင် နေပြည်တော်က တွေ့ဆုံခွင့်ပြုမယ့် အခြားအရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ဖိလစ်ပိုင်သတင်းဌာန Bilyonaryo News Channel ကို ပြောပါတယ်။

    သူ့ခရီးစဥ် မစခင်ပြောဆိုချက်လို့ နားလည်ရပြီး သူဟာ အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ သုံးရက်ကြာ သူ့ရဲ့လူသားချင်းစာနာမှုခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

    ဖိလစ်ပိုင်အထူးသံဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အစောပိုင်းကတည်းက ကြိုးပမ်း‌တောင်း‌ဆိုနေတာလည်းဖြစ်ပါတယ်။

    သြဂုတ်လက ထိုင်းနိုင်ငံက ကမကထလုပ်ခဲ့တဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ ဘန်ကောက်က ‌တွေ့ဆုံမှုမှာကတည်းက ‌အဲဒီတောင်းဆိုမှုလည်း ထပ်ပြောထားပါတယ်။

    မစ္စ လာဇာရိုကတော့ ဒီခရီးစဥ်မှာ အာဆီယံလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ မြန်မာဘက်က ဘယ်လိုလုပ်ဆောင်ချက်တွေ ထပ်မံလုပ်ဆောင်နိုင်မလဲဆိုတာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

    အာဆီယံဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးမှာ ချက်ချင်းကြီး ပြောင်းလဲမှုဖြစ်လာဖို့ ခက်ခဲနိုင်ပေမဲ့ လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အနည်းငယ်ဖြစ်စေ တိုးတက်မှုရရှိအောင် ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။

    ပထမနေ့ ခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်နဲ့ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန (AHA Centre) က မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့အကူအညီနဲ့ ပေးအပ်နေတဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို လိုအပ်နေသူတွေဆီ ထောက်ပံ့ပေးအပ်နေမှုကို လေ့လာခဲ့ပါတယ်။

    အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို အဓိကထားတဲ့ ခရီးစဉ်ဖြစ်ပြီး AHA Centre နဲ့ မြန်မာကြက်ခြေနီအသင်းတို့ မရောက်ရှိနိုင်သေးတဲ့နေရာတွေမှာ အကူအညီပေးနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောထားပါတယ်။

  6. လစာပေးဖို့ ငြင်းဆိုတဲ့ တရုတ်အလုပ်ရှင်ကို သတ်ဖြတ်မှုနဲ့ မြန်မာလေးဦးကို ထိုင်းရဲ ဖမ်းဆီး

    မြန်မာလုပ်သား စုံတွဲတွေ ဖမ်းဆီးခံရချိန်
    ဓာတ်ပုံ ပုံစာ, မြန်မာလုပ်သား စုံတွဲတွေ ဖမ်းဆီးခံရချိန်

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လက်ကဘန်းခရိုင်မှာ တရုတ်အလုပ်ရှင်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့မှုနဲ့ ဆက်စပ်ပြီး သံသယရှိခံထားရတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်တွဲကို အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ချွန်ဘူရီခရိုင်က ကြံစိုက်ခင်းထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ချွန်ဘူရီခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ထိုင်းသတင်းဌာနတချို့ ရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ လက်ကဘန်းခရိုင်ရှိ တရုတ်နိုင်ငံသားရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၆၀ ခန့်ကို လုပ်ခလစာပေးနေချိန် အငြင်းပွားမှု ဖြစ်ပွားခဲ့တာပါ။

    ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ယန်ကျုံးဆူးနဲ့ အသက် ၄၉ နှစ်အရွယ် ဟဲရှစ်ရှင်းတို့ဟာ အလုပ်သမားတွေကို လစာပေးဖို့ လုပ်ငန်းခွင်ကို ရောက်လာခဲ့ကြပါတယ်။

    အဲဒီအချိန်မှာ ယန်က မြန်မာအလုပ်သမား လင်မယားနှစ်တွဲကို အလုပ်လုပ်ပုံမကောင်းဘူး၊ သတ်မှတ်စံနှုန်းမမီဘူးဆိုပြီး ဆဲရေးပြောဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီလိုပြောဆိုချက်တွေကြောင့် မြန်မာလင်မယား နှစ်တွဲက အလုပ်ထွက်လိုကြောင်း ပြောခဲ့ပေမဲ့ ကြိုတင်အကြောင်းမကြားခဲ့တဲ့အတွက် လုပ်ခလစာပေးမှာမဟုတ်ဘူးလို့ ယန်က ပြောခဲ့ရာကနေ အငြင်းပွားမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မြန်မာအမျိုးသားနှစ်ဦးက ယန်ကို သံချောင်းနဲ့ ရိုက်နှက်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် ယန် သေဆုံးခဲ့ပြီး ဟဲကတော့ ဦးခေါင်းနဲ့ ကျောဘက်မှာ ဒဏ်ရာရခဲ့ပါတယ်။

    ဖြစ်စဥ် အပြီးမှာ မြန်မာလေးဦးဟာ ချွန်ဘူရီခရိုင်ဘက်ကို ထွက်ပြေးပြီး ကြံစိုက်ခင်းထဲမှာ ပုန်းအောင်းနေခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ဖနတ်နိခုံးရဲစခန်းက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ ကြံစိုက်ခင်း ၁၀၀ ရိုင်ကျော်( ဧက ၄၀ ခန့်) ရှိတဲ့ နေရာကို ငါးနာရီကြာ ဝိုင်းပိတ်ရှာဖွေခဲ့ပါတယ်။

    နောက်ဆုံးမှာတော့ မြန်မာလေးဦးဟာ ကြံခင်းထဲကနေ ထွက်လာပြီး အဖမ်းခံခဲ့ကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ပြပါတယ်။

    ဒီနေ့ အောက်တိုဘာ ၂၉ ရက် မှာ သူတို့လေးဦးကို အမှုဖြစ်ပွားခဲ့တဲ့ လက်ကဘန်းရဲစခန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

  7. မင်္ဂလာပါ။

    အောက်တိုဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။