ဇွန် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာအပါအဝင် ကမ္ဘာတဝန်းလူသားစာနာအကူအညီပေးဖို့ အမေရိကန်က ဒေါ်လာ သန်း ၂၄၀ ကျော်ထောက်ပံ့

နွားလှည်းတွေပေါ် အထုပ်တွေတင်ကာ စစ်ရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ရှောင်ကူညီထောက်ပံ့ရေး

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်‌ရှောင်တွေ ပုံဟောင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယား၊ ဆူဒန်စတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီအရေးပေါ်လိုအပ်နေတဲ့ နိုင်ငံတွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၂၄၀ ကျော်ကို ကဏ္ဍစုံအကူအညီပေးရေးမှာအသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစားအသောက်၊ အာဟာရဆိုင်ရာ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးအပါအဝင် အမိုးအကာ ထောက်ပံ့ရေးအတွက် ဒီငွေတွေကိုအသုံးပြုသွားမယ်လို့ မနေ့ကရက်စွဲနဲ့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ယုံကြည်စိတ်ချရတယ်လို့သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ ကက်သလစ်ကူညီရေးအဖွဲ့ Catholic Relief Services (CRS) ကို ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ကမ္ဘာတဝန်းက အရေးပေါ်အသက်ကယ်ဆယ်ရေးအတွက် ၂၄ နာရီအတွင်း တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြပါတယ်။

အမေရိကန်က ကမ္ဘာတဝန်းမှာရှိတဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ရေးအစီအစဉ်အရ ပထမဆုံးပေးအပ်တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ CRS ဟာ ကူညီရေးအတွေ့အကြုံ နှစ် ၈၀ နီးပါးရှိပြီး မြန်မာမှာလည်း ကူညီရေးတွေဆောင်ရွက်နေတဲ့အဖွဲ့ပါ။

ဒါဟာ ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) နဲ့ သဘောတူချက်ရဲ့ တစိတ်တပိုင်းအဖြစ်ကူညီတာဖြစ်ပြီး အကူအညီတွေကို ပိုပြီး အကျိုးရှိရှိ မြန်မြန်ဆန်ဆန်ရောက်အောင် အခုလိုဆောင်ရွက်တာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထည့်ပြောပါတယ်။

အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကိုဖျက်သိမ်းခဲ့တာဟာ နယ်စပ်ကမြန်မာဒုက္ခသည်တွေအတွက် သာမက ပြည်တွင်းမှာလူသားစာနာအကူအညီရရှိမှုအတွက်ပါ အခက်အခဲတွေကြုံခဲ့ရပါတယ်။

မနှစ်ကဖြစ်ခဲ့တဲ့ မြန်မာ့ငလျင်ကြီးအတွက်ကူညီပေးရေးမှာလည်း USAID ကိုဖျက်သိမ်းလိုက်လို့ အမေရိကန်က ပြည့်ပြည့်ဝဝ ကူညီတုံ့ပြန်နိုင်စွမ်းမရှိဖြစ်ခဲ့ရတယ်လို့ အမေရိကန်အကြီးတန်း အရာရှိတွေကပါ ဝေဖန်ခဲ့ကြပါတယ်။

ပေါက်၊ ကုက္ကိုစုရွာက ပြည်သူ့စစ် အယောက် ၇၀ ကျော်ကို တော်လှန်ရေးတပ်တွေဖမ်းဆီး

မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်ကိုထွက်ပြေးတဲ့ ပြည်သူ့စစ် (အရပ်အခေါ်) ပျူစောထီး အယောက် ၇၀ ကျော်ကို ဇွန် ၅ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, အညာမြေတပ်ပေါင်းစု

ဓာတ်ပုံ ပုံစာ, မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်ကိုထွက်ပြေးတဲ့ ပြည်သူ့စစ် (အရပ်အခေါ်) ပျူစောထီး အယောက် ၇၀ ကျော်ကို ဇွန် ၅ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖမ်းဆီး

တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ ကနေ မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်ကိုထွက်ပြေးတဲ့ ပြည်သူ့စစ် (အရပ်အခေါ်) ပျူစောထီး အယောက် ၇၀ ကျော်ကို မနေ့ ည ၇ နာရီခန့်မှာ ဖမ်းဆီးရမိတယ်လို့ အညာမြေတပ်ပေါင်းစုကနေ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အညာမြေတပ်ပေါင်းစုက ထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ အမျိုးသားတွေအပြင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေပါ ပါဝင်တာကို တွေ့ရပါတယ်။

ဖမ်းဆီးရမိတဲ့အထဲ ကလေးငယ် ၅ ဦးထက်မနည်းပါဝင်တယ်လို့လည်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။

"ပျူစောထီးတွေ ပျူစောမတွေ အဆုံးအထိလက်နက်ကိုင်ပြီးတော့ ကျွန်တော်တို့ကို ခုခံခဲ့တယ်။ နောက်ဆုံးဖမ်းမိတဲ့အချိန်အထိတောင် သူတို့ကအရှုံးပေးတာမျိုးမရှိဘဲနဲ့ လက်နက်နဲ့ ထွက်ပြေးတာ ဖြစ်တယ်။ သူတို့အားလုံးကို စစ်သုံ့ပန်းအဖြစ်သတ်မှတ်ပြီး ဂျနီဗာကွန်ဗန်းရှင်းအတိုင်း အကာအကွယ်ပေးတယ်၊ ကလေးသူငယ်တွေကိုလည်း အခွင့်အရေးအပြည့်အဝပေးနိုင်ဖို့ ကြိုးစားနေပါတယ်" လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား ၃၀၀ နီးပါးရှိတဲ့ ကုက္ကိုရွာကို အခုလအစမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဇွန် ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု ကနေသိရပါတယ်။ အခုဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြိုင်မှာ စစ်တပ်အခြေချတဲ့ စက်မှု ၂ ထဲကို သွားဖို့ကြိုးစားခဲ့ရာကနေ ဖမ်းဆီးရမိပြီး ၆၀ မမ စိန်ပြောင်းအပါအဝင် သေနတ် ၁၇ လက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

ပုသိမ် - မုံရွာလမ်းမကြီးဘေးမှာရှိတဲ့ ကုက္ကိုစုရွာဟာ ပေါက်မြို့နယ်ထဲ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ ပေါက်ကိုယ်တော်ရဲ့ အမာခံရွာအဖြစ်လည်း လူသိများပါတယ်။ ဒီရွာကိုလက်လွှတ်ခဲ့ရရင် ပေါက်မြို့နယ်ကို အန္တရာယ်ကျစေလိမ့်မယ်လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ရုပ်သံဗီဒီယိုနဲ့ ထုတ်ပြောခဲ့ပါတယ်။

"ကုက္ကိုစုကအဖြေပဲ၊ ပေါက်မြို့နယ် PDF အားလုံးပေါင်းပြီးတိုက်နေကြတာ။ ပေါက်မြို့ရဲ့ အန္တရာယ်ကို ကုက္ကိုစုက ဆုံးဖြတ်လိမ့်မယ်။ ကုက္ကိုစု၊ ရေပြာ၊ ရှခွကြီး၊ ရှခွလေး အကုန်လုံး က ပေါက်ကို တိုက်ရိုက်ဝင်လို့ရတယ်။ ရေပြာ တဖက်ကအကုန် P ရွာတွေပဲ" လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ပြောခဲ့တာပါ။

ပုသိမ် - မုံရွာလမ်းမကြီး နဲ့ မင်းတပ် - ပခုက္ကူလမ်းမကြီး ဆုံရာမှာရှိတဲ့ ရေပြာရွာက ရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက ဇွန်ပထမအပတ်ထဲမှာပဲ သိမ်းပိုက်ထားပြီလို့ အညာမြေတပ်ပေါင်းစုကလည်းပြောသလို ပေါက်ကိုယ်တော်က ဗီဒီယိုရုပ်သံဖိုင်ထဲမှာ ထည့်ပြော ခဲ့ပါတယ်။

အခုတော်လှန်ရေးတပ်တွေသိမ်းပိုက်လိုက်တဲ့ ရေပြာ၊ ကုက္ကိုစုတို့ဟာ စစ်တပ်က ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်အထိ သွားလာနိုင်သလို စစ်တပ်စစ်ကြောင်းဝင်ခဲ့တဲ့ မြစ်ခြေမြို့နယ် နဲ့ပါ နယ်နိမိတ်ထိစပ်နေတဲ့ သွားလာရေးအခရာကျတဲ့နေရာတွေဖြစ်ပါတယ်။

မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော

တရုတ် - မြန်မာ နှစ်နိုင်ငံ အလံကို နောက်ခံထားပြီး နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ က ဘယ်ဘက်ခြမ်းမှာရပ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ညာဘက်ခြမ်းမှာ ရပ်ပြီး လက်ဆွဲနှုတ်ဆက်နေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ဇွန် ၅ ရက်က တွေ့ဆုံခဲ့တဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ (ဘယ်) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ညာ)

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာ တရုတ်လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ကို ကြိုဆိုကြောင်း ပြောပါတယ်။

မနေ့က နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိက စီမံကိန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွန်းအားပေးလိုကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။ ဦးတင်မောင်ဆွေဘက်ကလည်း ဒီလို တွန်းအားပေးဖို့ဆန္ဒရှိပြီး လုပ်ငန်းရှင်တွေကို ကြိုဆိုကြောင်းပြောခဲ့တာလို့ တရုတ်ဘက်က ဖော်ပြပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကိုနှိမ်နင်းဖို့အပါအဝင် မြန်မာက တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ် စောင့်ရှောက်သွားမယ်လို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ကြောင်း တရုတ်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတဲ့ နယ်ပယ်စုံမှာ တရုတ်နဲ့ ပိုပြီးပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း နေပြည်တော်ဘက်က ပြောခဲ့တာပါ။ ဒါအပြင် တရုတ်တနိုင်ငံတည်းမူဝါဒနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံ ၄ ရပ်ကိုလည်း ထောက်ခံပြောဆိုခဲ့ပါတယ်။

အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်ကိုသွားကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ရေး ဆွေးနွေးခဲ့တာကို နှစ်ဖက်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ဦးတင်မောင်ဆွေဟာ ပြီးခဲ့တဲ့ မတ်လအထိ ဘေကျင်းမှာ တရုတ်သံအမတ်ကြီးဖြစ်ခဲ့သူပါ။ ဒါဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးရပြီးနောက်ပိုင်း ဘေကျင်းကို ပထမဆုံးပြန်သွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။