ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအမတ် ၂ ဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြည်သူ့ပါတီအမတ် ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာပါတယ်။
စက်တင်ဘာ ၇ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်အရ ဒီအမတ်တွေနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဦးဝင်းကြူနဲ့ ဒေါ်မြမြစိမ်းတို့ နေရာရလာတာပါ။
မြိတ်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် ၁ အဖြစ် ရွေးကောက်ခံရတဲ့ဦးခိုင်ဦးကို သူ့ရဲ့ပြိုင်ဘက် USDP ပါတီက ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်ခဲ့ပါတာပါ။
ဒီကန့်ကွက်လွှာကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် ဦးခိုင်ဦးကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဟာ ဥပဒေအရ ပျက်ပြယ်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က)အရ ဦးဝင်းကြူက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကော်မရှင်က ဆုံးဖြတ်လိုက်တာပါ။
ဦးခိုင်ဦးဟာ ၂၀၂၅ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီက တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်ဖြစ်ပါတယ်။
ဦးခိုင်ဦးရရှိတဲ့မဲရလဒ်ကို နုတ်ပယ်ပြီး ကျန်တဲ့ ခိုင်လုံမဲတွေကို ပြန်လည်တွက်ချက်ရာမှာလည်း လောင်းလုံမြို့နယ်က ပြည်သူ့ပါတီအမတ် ဦးတင်စိုးဟာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
ဦးတင်စိုးနေရာမှာ USDP က ဒေါ်မြမြစိမ်းက နေရာရလာတာကို ရွေးကောက်ပွဲကော်မရှင် ကြေညာချက်မှာ တွေ့ရပါတယ်။


