ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်စစ်ပွဲစချိန်ကစလို့ အမေရိကန် စစ်မှုထမ်း ၆၀၀ ကျော်ဒဏ်ရာရခဲ့
- ရေးသားသူ, ဘရန်ဒန် ဒရန်နွန်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ပေးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ အမေရိကန် စစ်မှုထမ်း အနည်ဆုံး ၆၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ဇူလိုင်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၄၁၇ ဦးဟာ Epic Fury စစ်ဆင်ရေးအတွင်း ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေ ဖြစ်ပြီး ၂၀၇ ဦးကတော့ ပြည်ပစစ်ဆင်တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရခဲ့သူတွေ ဖြစ်ပါတယ်။
Epic Fury စစ်ဆင်ရေး ဆိုတာ က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ကနေ မေ ၅ ရက်အထိ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် ဆင်နွှဲခဲ့တဲ့အကြီးစားစစ်ဆင်ရေး အမည်ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်အကြား အပစ်ရပ်စဲဖို့ ဧပြီလက သဘောတူခဲ့ကြပြီး ဇွန်လမှာ နားလည်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကာလတလျှောက်လုံးမှာ နှစ်ဖက်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
စစ်ပွဲအတွင်း သေဆုံး ဒဏ်ရာရခဲ့သူတွေရဲ့ စာရင်းကို ပင်တဂွန် စစ်ဌာနချုပ်က ပြီးခဲ့တဲ့သီတင်းပတ်က ပြန်စစ်ဆေးခဲ့ပြီး pic Fury စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူ လေးဦးရဲ့ အမည်ကို ပြည်ပစစ်ဆင်တိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့သူတွေရဲ့စာရင်းထဲ ရွှေ့ပြောင်း ထည့်ခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိခိုက်ဒဏ်ရာရသူများစာရင်း လေ့လာမှုအရ ကနဦးတိုက်ခိုက်ခဲ့တုန်းက ပေးခဲ့တဲ့ အမည်ဖြစ်တဲ့ Epic Fury ဆိုတဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူအရေအတွက်ဟာ ဇူလိုင်တတိယပတ်အထိ ၁၈ ဦး ဖြစ်ပြီး ၄၈၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက်မှာ အဲဒီသေဆုံးသူစာရင်းထဲက လူလေးဦးရဲ့ အမည်ကို ထုတ်ပယ်ခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်က ၁၄ ဦးကို လျော့ကျသွားပါတယ်။
အဲဒီသေဆုံးစစ်သား လေးဦးရဲ့ အမည်တွေက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ထိခိုက်သေဆုံးသူ အရေအတွက် စတင်ခဲ့တဲ့ ပြည်ပစစ်ဆင်တိုက်ခိုက်မှုတွေ စာရင်းမှာ အခုအခါ ပြန်ပေါ်လာခဲ့ပါတယ်။ သူတို့ဟာ စာရင်းမှာ ဖော်ပြခံခဲ့ရသူ လေးဦး ဖြစ်ပါတယ်။
ရှင်းလင်းဖော်ပြမှုမရှိဘဲ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ စာရင်းဇယားကို တိတ်တဆိတ် ပြောင်းလဲခဲ့တဲ့အတွက် ဒါဟာ ပွင့်လင်းမြင်သာမှုကို ထိခိုက်စေတယ် ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
"အစိုးရအနေနဲ့ ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်လို့တင်မက စစ်ပွဲကြီးတစ်ခုလုံးမှာပါ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့ တကယ့်ကို ခက်ခဲနေပုံ ရပါတယ်"လို့ ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းကာလက ဥရောပမှာ အမေရိကန်တပ်ဖွဲ့တွေကို ကြီးကြပ်ခဲ့သူ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး ဘင် ဟော့ဂျက်စ် က ပြောပါတယ်။
ထရမ့်ကို မကြာခဏ ဝေဖန်လေ့ရှိသူ ရီပတ်ဘလီကန်ပါတီဝင် ကွန်ဂရက်စ်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ ကလည်း ဒီစစ်ပွဲကို အမျိုးအစား နှစ်မျိုး ခွဲခြား ဖော်ပြထားတာဟာ အဓိပ္ပာယ်မရှိတဲ့ ပရိယာယ်တစ်ခု ဖြစ်တယ် ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်ကာကွယ်ရေးဌာနအနေနဲ့ မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်ထားပါတယ်။
ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူ ရှောန် ပါးနဲလ်က အခုလို စာရင်းဇယား အပြောင်းအလဲ ဖြစ်ခဲ့ရတာဟာ ဒေတာအချက်အလက် ယာယီ အထိအခိုက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
ဒီဝက်ဘ်ဆိုက်ပါ ကွဲလွဲနေမှုတွေကို စစ်တပ်နဲ့ ပူးပေါင်းညှိနှိုင်းပြီး လောလောဆယ် ဖြေရှင်းညှိနှိုင်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့တုန်းက Truth Social လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ ပို့စ်တစ်ခုမှာ ထရမ့်က အီရန်စစ်ပွဲ ပဋိပက္ခအတွင်း ၁၈ ဦး အသက်စတေးခဲ့ရတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ပြည်ပစစ်ဆင်တိုက်ခိုက်မှုတွေဆိုတဲ့ တိုက်ပွဲအမျိုးအစားကို ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဝက်ဆိုက်မှာ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် ဖော်ပြခဲ့တာလို့ AP သတင်းဌာနက ဆိုပါတယ်။
အဲဒီထဲမှာ လတ်တလော သေဆုံးခဲ့သူ ကြည်းတပ် စစ်သားတွေရဲ့ အမည်တွေကို ထည့်သွင်းထားပြီး ဒဏ်ရာရသူ ၂၀၇ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၂၀၇ ဦးစလုံးဟာ အီရန်စစ်ပွဲကြောင့် ဒဏ်ရာရသူတွေလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
နာမည် အပြောင်းအလဲတွေ လုပ်ခဲ့တာဟာ ပြီးခဲ့တဲ့လ ထရမ့်လက်မှတ်ရေးထိုးခဲ့တဲ့ ကြားဖြတ်သဘောတူချက် စတင်ပျက်ပြယ်သွားခဲ့ပြီး အီရန်နဲ့ အပစ်ရပ်သဘောတူချက် ဆုံးခန်းတိုင်သွားပြီဆိုပြီး ထရမ့်က ထုတ်ဖော်ကြေညာလိုက်အပြီး ဇူလိုင်လမှာ သေဆုံးခဲ့သူ အမေရိကန် စစ်သားလေးဦးကို ထင်ဟပ် ဖော်ပြခဲ့ပုံ ရပါတယ်။
ဇူလိုင်လ ၁၇ ရက်က ဂျော်ဒန်နိုင်ငံက စစ်စခန်းတစ်ခုပေါ်ကို အီရန်က မစ်ဆိုင်းဒုံးနဲ့ တိုက်ခိုက်ခဲ့အပြီး အမေရိကန်စစ်သား သုံးဦး သေဆုံးခဲ့ရသလို အီရန်ရဲ့ ဒရုန်းတစ်စင်းကို ထိန်းချုပ်ဖောက်ခွဲမှုလုပ်နေချိန်မှာ အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဇူလိုင်လလယ်ကစလို့ အီရန်စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အမေရိကန်က တိုက်ခိုက်ခဲ့ရာမှာ အီရန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ၁၃ ရက်ဆက်တိုက် ညတိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သောကြာနေ့ကစလို့ အပစ်အခတ်တွေ ယာယီ ရပ်တန့်သွားခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ နှစ်ဖက်စလုံးဆီက တိုက်ခိုက်မှုတွေ သုံးညလောက် မရှိခဲ့ပါဘူး။