ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတဲ့ သတင်းအပါအဝင် ဇူလိုင် ၂၈ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတယ်လို့ ACLED ထုတ်ပြန်
  • အာကာသထဲကို သွားရောက်မယ့် မြန်မာရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ ဦးမင်းအောင်လှိုင်
  • DEMU မီးရထားပေါ် စည်းကမ်းချိုးဖောက်မှုတွေအပေါ် အရေးယူမှုမတူညီတဲ့ အပေါ် ဝေဖန်မှုမြင့်တက်
  • စစ်ကိုင်းတိုင်းထဲ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က ကျေးရွာ ၂ ရွာကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာတင် ဆက်တိုက်ဗုံးကြဲလို့ လူ ၂ ဦး သေဆုံး၊ နေအိမ် ဆယ်နဲ့ ချီမီးလောင်ပြာကျ
  • လောက်ကိုင်မှာ ကိုးကန့်ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အိမ်ရာတွေကို MNDAA က မဲစနစ်နဲ့ ပြန်ခွဲပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင်လ ၂၈ ရက် နောက်ဆုံးရ သတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. "ဒါက အစပဲရှိသေးတယ်" - အိန္ဒိယ GenZ တွေဆန္ဒပြလို့ ဝန်ကြီးနုတ်ထွက်ခဲ့ရပြီး ဘာဆက်ဖြစ်မလဲ

    အိန္ဒိယမှာ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ အာဏာရလာခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ နုတ်ထွက်ခဲ့တဲ့ အစိုးရ အဖွဲ့ဝန်ကြီး တစ်ဦးပဲ ရှိခဲ့ဖူးပါတယ်။ သူက လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် နုတ်ထွက်ခဲ့ရတာပါ။

    ဒါကြောင့် သီတင်းတစ်ပတ်ကျော်ကြာ လူငယ်တွေရဲ့လမ်းပေါ်ဆန္ဒပြမှုတွေအပြီး စနေနေ့မှာ ပညာရေးဝန်ကြီး ဒြာမန်ဒြာ ပရာဒန် နုတ်ထွက်ခဲ့တာက ကြီးမားတဲ့အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပြီး လူငယ်အများအပြားကလည်း ဒါကို ရှားရှားပါးပါးအောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

    ဒေလီမြို့က အသက် ၂၂ နှစ်အရွယ် တက်ကြွလှုပ်ရှားသူကျောင်းသား ဆာခီကတော့ အခုတစ်ခေါက်ဟာ "ဆန္ဒပြမှုတွေကတဆင့် အပြောင်းအလဲတွေကို တကယ်ဖြစ်လာအောင် လုပ်နိုင်တယ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားရတာပါ" လို့ ဆိုပါတယ်။

    ပရာဒန် နုတ်ထွက်ပြီး မကြာခင်မှာပဲ မိုဒီအစိုးရရဲ့အကြီးတန်းဝန်ကြီးတစ်ဦးက "ကျွန်တော်တို့အစိုးရမှာ နုတ်ထွက်တာမျိုး မရှိဘူး" လို့အရင်က ပြောထားတဲ့ဗီဒီယိုဟောင်းကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ အဲဒီလိုပြန်လည်မျှဝေမှုတွေက ပရာဒန် နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံတ၀န်း လူငယ်လှုပ်ရှားမှုရဲ့ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို ထင်ဟပ်စေခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  3. သတင်းထူး, ဂျပန်ငလျင်အလွန် စျေး၀ယ်စင်တာထဲ ပိတ်မိနေသူတွေရှိ

    ဂျပန်နိုင်ငံတောင်ပိုင်းမှာ အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက် စျေး၀ယ်စင်တာ တစ်ခုထဲ ပိတ်မိနေသူ အတော်များများ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    သတင်းတွေမှာတော့ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ကူမာမိုတိုမြို့မှာရှိတဲ့ အေနွန် စျေး၀ယ်စင်တာထဲမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာကြောင့် ဒဏ်ရာရသူလည်း များတယ်လို့ ဖော်ပြပါတယ်။

    ငလျင်ဟာ ခူရှုကျွန်း အတွင်းပိုင်းကို ဂျပန်ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲမှာ လှုပ်ခတ် ခဲ့တာဖြစ်ပြီး လူပေါင်း တစ်သောင်းခွဲကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။ ငလျင်ကြောင့် ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ ၁ နာရီအတွင်းမှာပဲ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

    ဂျပန်ဟာ ကမ္ဘာမှာ ငလျင်အလှုပ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး တစ်နှစ်အတွင်းကို ငလျင်ပေါင်း ၁,၅၀၀ နီးပါး လှုပ်ခတ်ပါတယ်။

    ဂျပန်မိုးလေသ၀သဌာနကတော့ မြေအောက်အနက် ၆ မိုင်ခန့်ကို ဗဟိုပြုလုပ်လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နောက်ဆက်တွဲငလျင်ပြင်းပြင်းတွေ ဖြစ်လာနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

    နိုင်ငံပိုင်ရုပ်သံသတင်းဌာန NHK ကတော့ ငလျင်အပြီး လမ်းတွေ တံတားတွေမှာ အက်ရာ ထနေတာ၊ အဆောက်အဦအချို့ မီးလောင်တာကို ပြတဲ့ရုပ်သံကို ပြသနေပါတယ်။

    ''ပျက်စီးမှုအတိုင်းအဆကို ကျွန်မတို့ သိအောင်လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူများတယ်ဆိုတာမျိုး ကျွန်မကို သတင်းပို့ထားတာကို သိထားရပါတယ်'' လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

  4. ပယ်ဆောက်ချိန် ရဲ့ အိမ်ရာတွေ MNDAA က သူ့တပ်ဖွဲ့ဝင်တွေကို မဲစနစ် နဲ့ ပိုင်ဆိုင်မှုပေး

    ရှမ်းမြောက်၊ ကိုးကန့်ဒေသဆီ ဖုန်မိသားစုရဲ့အိမ်အပြန်ခရီးမှာ အတူပေးဆပ်ခဲ့သူတွေကို ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ပိုင်ဆိုင်တဲ့အိမ်ရာတွေမှာ နေရာချထားလိုက်ပြီလို့ ဖုန်မိသားစုဦးဆောင်တဲ့ကိုးကန့်တပ်(MNDAA) သတင်းထုတ်ပါတယ်။

    ကျားဖြန့်နဲ့ဆက်စပ်ဖမ်းဆီးခံရပြီး တရုတ်မှာ သေဒဏ်အမိန့် ပေးခံခဲ့ရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ပိုင်တဲ့နေရာတွေကို မဲစနစ်နဲ့ ပြန်ခွဲဝေ နေရာချပေးခဲ့တာလို့ ကိုးကန့် သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    အိမ်နေရာပြန်ခွဲဝေပေးခဲ့တဲ့သူတွေဟာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကိုးကန့်ဒေသကို ပြန်အခြေချအုပ်ချုပ်ဖို့ ဖုန်မိသားစုဦးဆောင်တဲ့ ကိုးကန့်တပ်ရဲ့ ၁၈ နှစ်ကြာခရီးမှာ ပေးဆပ်ခဲ့ကြတဲ့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို မဲစနစ်နဲ့ပြန်ဝေခွဲပေးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    ကိုးကန့်တပ်ကတော့ လောက်ကိုင်မြို့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် လက်ထက်က ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်ခဲ့တဲ့အိမ်ရာတွေ ပြန်လည်ခွဲဝေပေးတာကို ပထမအသုတ်အနေနဲ့ ဇူလိုင် ၂၆ မှာ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    “သူ (ပယ်ဆောက်ချိန်) အရင် ကျားဖြန့်လုပ်တုန်းက ကျန်ခဲ့တဲ့ အဆောက်အဦတွေပေးတာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို အဓိကပေးတာ။ သတ်မှတ်ထားတဲ့ လူဦးရေအကုန်လုံးကို ပေးတာ။ တိုက်ခန်းတွေကိုတော့ မဲစနစ်နဲ့ပေးတာ။ သူကတော့ ဟိုအခန်းရတယ်၊ ငါက ဒီအခန်းရတယ်ဖြစ်မှာစိုးလို့ မဲစနစ်နဲ့ ပေးတာ” လို့ ကိုးကန့်သတင်းအရင်းအမြစ်က ပြောပါတယ်။

    ကုန်းဆာ ကြွင်းရွှေ့ (Jun Yue)၊ တုံချိန် ကြွင်းထိုက် (Jun Tai)၊ ပေါက်ပေါက်ကျိုက် ကြွင်းယောက် (Jun Yao) နဲ့ ထင်ပါကျိုက် ကြွင်းရှန် (Jun Xiang) စတဲ့ အိမ်ရာ ၄ ခုကို လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

    ဒီလို ခွဲဝေပေးမှုတွေကို ဇူလိုင် ၂၉ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အသင့်နေထိုင်နိုင်ဖို့ကိုလည်း အာမခံဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

    MNDAA ဟာ ‘၁၀၂၇’ စစ်ဆင်းရေးပထမလှိုင်းအတွင်း လောက်ကိုင်မြို့ ကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလမှာ သိမ်းခဲ့ပြီး ၂ လ အကြာမှာ ဗမာတန်း ၊ ပေါင်ဖုန်းလမ်း မှာ လမ်းနဲ့ မလွတ်တဲ့အ‌ဆောက်အဦတွေကို ဖယ်ရှားရှင်းလင်းခဲ့ဖူးပါတယ်။

    MNDAA ဘက်ကတော့ လွန်ခဲ့တဲ့ ၄ လ ဝန်းကျင်လောက်ကစပြီး အဲဒီတုန်းက ဖယ်ရှားရှင်းလင်းခံရတဲ့ အဆောက်အဦ ပိုင်ရှင်တွေတချို့ကို ပြန်လည်ကုစားရေးအနေနဲ့ တိုက်ခန်းတချို့ ပြန်လည် ခွဲဝေပေးခဲ့တာရှိတယ်လို့ လောက်ကိုင်မြို့၊ ဗမာတန်းမှာ နေထိုင်သူက ဘီဘီစီကို ပြောပါတယ်။

    MNDAA ဟာ အခုဆို လောက်ကိုင်ခရိုင် အပါအဝင် ကွတ်ခိုင်၊ သိန္နီ နဲ့ မုံးကိုး ခရိုင် ၄ ခု ကို စုစည်းပြီး ကိုးကန့်အထူးဒေသ ၁ ဆိုပြီး ဖွဲ့စည်းထားပါတယ်။

  5. ၀က်လက်နဲ့စစ်ကိုင်းကို စစ်တပ်ဗုံးကြဲလို့ လူ ၂ ဦး သေဆုံးပြီး အိမ် ၂၀ ကျော်မီးလောင်

    စစ်ကိုင်းတိုင်းထဲ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က ကျေးရွာ ၂ ရွာကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာတင် ဆက်တိုက်ဗုံးကြဲလို့ လူ ၂ ဦး သေဆုံးပြီး နေအိမ်ဆယ်ချီ မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်တပ်ဟာ ဒီနေ့မနက် ၁၀ နာရီခွဲခန့်မှာ ဝက်လက်မြို့နယ် တောင်ခြမ်းက ပေါက်ကန်ဘူတာရွာနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းက စမွန်းရွာထဲကို တိုက်လေယာဉ်နဲ့ ဗုံး ၄ ကြိမ်ခဲ့တာကြောင့် အခုလို လူထိခိုက်သေဆုံးတာနဲ့ နေအိမ် မီးလောင်တာတွေဖြစ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

    ဒီကျေးရွာ ၂ ရွာဟာ စစ်ကိုင်းနဲ့ ၀က်လက်မြို့နယ် ၂ ခုကြားမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။

    စစ်တပ်ဗုံးကြဲမှုအတွင်း ပေါက်ကန်ဘူတာရွာက အသက် ၆၀ အရွယ်ရှိ စစ်ရှောင်အမျိုးသား တစ်ဦးနဲ့ စမွန်းရွာက အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

    ပေါက်ကန်ဘူတာဟာ စစ်အာဏာသိမ်းပြီးကတည်းက မပြေးဆွဲနိုင်တော့တဲ့ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်က ကျေးရွာဖြစ်ပါတယ်။

    စမွန်းကျေးရွာကတော့ ဆားတောင် - ပဒူလမ်းဖြတ်တဲ့ ရေခါးအင်းအနီးက ကျေးရွာဖြစ်ပါတယ်။

    စမွန်းရွာထဲ ဗုံးကျရောက်ပေါက်ကွဲမှုအပြီးမှာ နေအိမ်တွေ မီးလောင်ခဲ့တဲ့အခြေအနေကို သူက “ရွာအရှေ့ခြမ်းတခြမ်းလုံးပါသွားပြီ” လို့ဆိုပြီး ပြောပြပါတယ်။

    မြန်မာ့ပဋိပက္ခ စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ ACLED က ပြည်တွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ရင် တိုက်လေယာဉ် ၂ စင်းကနေ ၅ စင်းအထိ အသုံးပြုနေတယ်ဆိုတဲ့တွေ့ရှိချက်ကို ထုတ်ပြန်လာပြီးနောက် တစ်နေ့မှာပဲ စစ်ကိုင်းတိုင်းထဲ အခုလို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံရတဲ့သတင်းထွက်ပေါ်လာတာပါ။

    ဗိုလ်ချုပ်ကြီး ရဲဝင်းကြီးဟာ ဦးမင်းအောင်လှိုင်ရဲ့အရင် တပ်ချုပ်ရာထူးကို ဆက်ခံပြီးတဲ့နောက်မှာ အရပ်သားတွေကို ဖိနှိပ်တဲ့စစ်ရေး နည်းဗျူဟာတွေဟာ လျော့ကျလာတာ မရှိဘူးလို့ အမေရိကန်အခြေစိုက်၊ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED)ရဲ့ ဇူလိုင် ၂၇ ရက်ထုတ် သူ့တို့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ၂၀၂၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၂၀ လောက်ဟာ သူတို့နေထိုင်တဲ့ နေရာနဲ့ ၅ ကီလိုမီတာအတွင်း အနည်းဆုံး အကြမ်းဖက်မှုဖြစ်စဉ် တစ်ခုခုကို မလွှဲသာမရှောင်သာ ကြုံတွေ့နေရတယ်လို့ ACLED က ပြောပါတယ်။

  6. သတင်းထူး, ဂျပန်တောင်ပိုင်းမှာ ၇.၁ မဂ္ဂနီကျုရှိတဲ့ငလျင်လှုပ်

    ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိတဲ့ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့အကြောင်း ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြပါတယ်။

    ဂျပန်မိုးလေဝသဌာနကတော့ ငလျင်ဟာ ကူမာတိုမို စီရင်စုနယ်ကို အခြေပြုပြီး ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ လှုပ်ခတ််ခဲ့တယ်လို့ သတင်းထုတ်တဲ့အကြောင်း NHK သတင်းမှာ ဖော်ပြပါတယ်။

    ငလျင်ဒဏ်သင့် ဒေသတွေမှာ ပြင်းအားဟာ ၀ ကနေ ၇ မဂ္ဂနီကျုအထိရှိတယ်လို့လည်း ဆိုပါတယ်။

    ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီ ရေလှိုင်းသတိပေးချက်ကိုလည်း အာရီယာကဲနဲ့ ယက်ဆုဟီရို ပင်လယ်တို့မှာ ထုတ်ပြန်ထားပါတယ်။

  7. DEMU မီးရထားပေါ် စည်းကမ်းချိုးဖောက်မှုတွေအပေါ် အရေးယူမှုမတူညီတဲ့ အပေါ် ဝေဖန်မှုမြင့်တက်

    DEMU အမြန်ရထားပေါ်မှာ ကွမ်းတံတွေးထွေးတဲ့သူ ၄ ဦးကို ထောင် ၂ လ ချပေမဲ့ ရထားပေါ်မှာ ဆူဆူညံညံလုပ်ခဲ့တဲ့ မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့က လူအယောက် ၅၀ ကျော်ကို တရားရုံးက ငွေဒဏ်သာ ချမှတ်တဲ့ အပေါ် မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

    မော်လမြိုင်-ရန်ကုန်ပြေးဆွဲတဲ့ DEMU အမြန်ရထားခရီးစဉ်ကို လိုက်ပါခဲ့တဲ့ အဲဒီ အားကစားအဖွဲ့ ကို ဇူလိုင် ၂၇ ရက်မှာ မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ် ကျပ် ၁ သိန်းစီ ချမှတ်ပြီးတဲ့နောက်မှာ အခုလို ဝေဖန်မှုတွေ ထွက်လာတာပါ။

    ဒါဟာ ရထားပေါ်မှာ ကွမ်းတံတွေးထွေးတဲ့သူ အမျိုးသမီး ၄ ဦးကို ပျဉ်းမနားတရားရုံးက ထောင် ၂ လချတာ နဲ့ ယှဉ်ရင် မမျှတဘူးလို့ မော်လမြိုင် မြို့ခံတစ်ဦးကပြောပါတယ်။

    “တခြားသူကို ထောင် ၂ လ ချရင် သူတို့ကိုလည်း ထောင် ၂ လချသင့်တယ်။ အဲလို မဟုတ်ရင် မမျှတဘူးလို့မြင်တယ်“ လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီနှစ်ဖွဲ့လုံးဟာ ရထားပို့ဆောင်ရေး ဥပဒေ ပုဒ်မ ၈၈(က) နဲ့ တရားစွဲခံခဲ့ရပေမဲ့ အမိန့်ချမှတ်မှုမှာ ကွဲပြားမှုတွေ ရှိခဲ့တာပါ။

    သထုံဒေသခံတစ်ဦးကတော့ “ရထားက အရင်ကလို စုတ်ပြတ်သတ်နေတယ်ဆိုရင်တမျိုးပေါ့။ အခုက ရထားတွေကို ကောင်းကောင်းမွန်မွန်လုပ်ပေးထားတဲ့ အခါကြတော့ အဲဒီလို လမ်းတွေပိတ်ပြီးလုပ်တာကြတော့ လည်း အများအမြင်မှာ မသင့်လျော်ဘူး။ အခုက ငွေဒဏ်ရိုက်ပြီးပြီဆိုတော့ ဒါကို First Warning သဘောမျိုးလုပ်ပြီး နောက်ပိုင်းမှာဥပဒေအရ လုပ်သင့်တယ်လို့မြင်တယ်” လို့ ပြောပါတယ်။

    DEMU ရထားပေါ်မှာလိုက်ပါလာတဲ့ မော်လမြိုင်က ခရီးသွား ၅၀ ကျော်ကို တရားရုံးငွေဒဏ်ချလိုက်တယ်ဆိုတဲ့ ဘီဘီစီ ရဲ့ သတင်းအောက်မှာလည်း “ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတဘူး” ဆိုတဲ့ မှတ်ချက်တွေလည်း တွေ့ရပါတယ်။

    ဒီအမှုအပါအဝင် ကွမ်းတံထွေးထွေးလို့ ထောင် ၂ လ ချခံရတဲ့ အမျိုးသမီး ၄ ဦးတို့ကို စွဲဆိုခဲ့တဲ့ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) ဟာ ထောင်ဒဏ် သုံးလ ထက်မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်း ကနေ ကျပ်တစ်သိန်းဖြစ်စေ၊

    ပြစ်ဒဏ် နှစ်ရပ်လုံး လည်းချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

    ဇူလိုင် ၂၀ ရက်နေ့က ဆိုလည်း ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ အရက်သေစာသောက်စားခဲ့သူ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ (က) နဲ့ အရေးယူထားတယ်လို့ နေပြည်တော်က ဇူလိုင် ၂၇ ရက်မှာ ကြေညာထားပါတယ်။

  8. နေပြည်တော်ပြောတဲ့ ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းဆိုတာဘာလဲ

    အာကာသထဲကို သွားရောက်မယ့် မြန်မာရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

    နေပြည်တော်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံထဲမှာတော့ အာကာသယာဉ်မှူးလောင်း အယောက် ၂၀ နီးပါးကို တွေ့ရပြီး ဦးမင်းအောင်လှိုင် အပြောအရ အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် သူ‌တွေကို အဆင့်ဆင့် စိစစ်မှုတွေ ဆက်လုပ်ပြီး ရွေးချယ်မှာလို့ဆိုပါတယ်။

    ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအာကာသအေဂျင်စီ (MSA) မှာ ပြုလုပ်တဲ့ ရက် (၁၀၀) စီမံချက်ကာလပြီးမြောက်ခဲ့တဲ့ နည်းပညာလုပ်ငန်းတွေအပ်နှံမှု နဲ့ လက်တွေ့သရုပ်ပြတဲ့ အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က အခုလို ပြောခဲ့တာပါ။

    အာကာသ ပဏာမယာဉ်မှူးတွေကို မွေးထုတ်ပေးနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက စတင်ခဲ့တာလို့ဆိုပြီး အာကာသအတွင်း ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမယ်လို့ ပြောပါတယ်။

    '' အာကာသယာဉ်မှူး (astronaut)ကတော့ သူတို့ရုရှားနဲ့ ၂၀၂၆ ဖေဖော်ဝါရီမှာ စလုပ်နေကြောင်း ကို Reuters သတင်းဌာန က သတင်းက တဆင့် သိထားတယ်။ ဒါပေမဲ့ အမေရိကား က လောင်စာအရည်သုံး စွမ်းရည်မြင့် rocket တွေ ပေါ်လာပြီးတဲ့နောက်မှာရော ဂျပန်အစိုးရပိုင် JAXA က H-3 စတဲ့ လောင်စာ အရည်သုံး စွမ်းရည်မြင့် Rocket တွေ ပေါ်ထွက်လာပြီး နောက် နိုင်ငံတကာအာကာသစခန်း (ISS) လို နေရာကို လူနဲ့တကွ ပစ္စည်းတွေ ပို့ဖို့ ရုရှားက Soyuz rocket တွေကို လူသိပ်မသုံးကြတော့တဲ့ အတွက် အာကာသခရီးသွားအိမ်မက် ကို ဆက်ထိန်းထားနိုင်ဖို့ ကုန်ကျစရိတ် အဆမတန်များတဲ့ အတွက် ရုရှားကပါတနာလိုလာ​တယ်။ အဲဒီတေ့ာ ရုရှားအနေနဲ့ မြန်မာကို ပါတနာလုပ်လိုက်တဲ့ သဘော ရှိတာပါ'' လို့ မြန်မာဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာပညာရှင်တစ်ဦး က သုံးသပ်ပြပါတယ်။

    တဆက်တည်းမှာပဲ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း(Ground Station )ကို ဖွင့်လှစ်တယ်လို့ဆိုပြီး MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှအာရုံခံနည်းပညာ အသုံးချစနစ်နဲ့ တစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံအချက်အလက်တွေကို ပြသတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ထုတ်ပြန်ပါတယ်။

    Ground Station ဆိုတာ ကမ္ဘာမြေပေါ်ကနေ ဂြိုဟ်တုနဲ့ ဆက်သွယ်၊ ထိန်းချုပ်၊ အချက်အလက်ပို့ယူလုပ်တာဖြစ်ပြီး ဂြိုဟ်တုကို အာကာသထဲတင်ပြီးသွားရင်လည်း အလုပ်လုပ်နိုင်ဖို့ မြေပြင်ကနေ စောင့်ကြည့်ပြီး ညွှန်ကြားတဲ့စခန်းဖြစ်ပါတယ်။

    '' မြေပြင်ထိန်းချုပ်ရေးစခန်း ဆိုတာက အခြားနိုင်ငံသားတွေ အတွက်မှာတော့ မခက်တဲ့အရာပါ။ ဂြိုဟ်တုကနေ မြေပြင်ထိန်းချုပ်ရေး ကို သက်ဆိုင်ရာ လိုင်စင်ရှိတဲ့ လူတိုင်း မိမိအိမ်ထဲက လည်းကောင်း မိမိကားထဲက လည်းကောင်း ကုန်ကျစားရိတ် USD 100 နဲ့ ကိုယ်ပိုင် ရေဒီယို Station ကို လုပ်ပြီး open source ရသမျှ satellite တွေနဲ့ ဆက်သွယ်လို့ ရတယ်'' လို့ မြန်မာဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာပညာရှင် ကဆက်ပြောပါတယ်။

    တဖက်မှာလည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ အာကာသစွမ်းရည်နဲ့ ယှဉ်ရင် MAH-1 Ground Station တစ်ခုက ထူးခြားအောင်မြင်တဲ့ အဆင့်ရောက်သွားတယ်လို့ မပြောနိုင်ဘူးလို့ ‌သုံးသပ်ချက်တွေလည်းရှိပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ မြန်မာ နဲ့ တရုတ်ပေါင်းပြီး ဂြိုလ်တုအငယ်တစ်လုံး လွှတ်တင်သွားဖို့ရှိတယ်လို့ လည်း ဇူလိုင် ၁၇ ရက်က တရုတ်သတင်းဌာန CCTV နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

    ဒါဟာ ဦးမင်းအောင်လှိုင် အရင်စစ်ခေါင်းဆောင်ရာထူး နဲ့ အခု သူ သမ္မတရာထူးယူထားတဲ့ အချိန်မှာ ပထမဆုံးလွှင့်တင်မယ့် ဂြိုဟ်တုငယ်တစ်လုံးဖြစ်လာနိုင်ပေမဲ့ ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အစီအစဥ်ကိုတော့ တိတိကျကျထုတ်ပြောမထားပါဘူး။

  9. NUG မန်းတိုင်း(ပကဖ)တာဝန်ခံ မိုင်းလားနယ်ထဲ ဘယ်လိုဖမ်းဆီးခံခဲ့ရသလဲ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီး ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ စစ်ရေးသတင်းရင်းမြစ် သုံးဦးက ဘီဘီစီကို ပြောပါတယ်။

    ကျိုင်းတုံနယ်ထဲအခြေစိုက်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ကိုဏကြီးကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)တပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးသွားခဲ့တာလို့ပြောပါတယ်။

    မိုင်းလားမြို့နဲ့ မိုင် ၆၀ နီးပါးအကွာ ကျိုင်းတုံမြို့အနီးက စစ်တပ်လုံခြုံရေးဂိတ်တစ်ခုမှာ ကိုဏကြီးရဲ့ ဇနီးနဲ့ ၅ နှစ်အရွယ် သမီးငယ်တို့ အရင်ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဏကြီးလည်း အဲဒီတစ်နေ့တည်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်း (ပကဖ) သတင်းရင်းမြစ်က ဆိုပါတယ်။

    "ကိုဏကြီးနဲ့ သူ့မိသားစုတို့ကို အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး" လို့ အဲဒီသတင်းရင်းမြစ်က ဇူလိုင် ၂၆ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    မန္တလေးတိုင်း (ပကဖ) တာဝန်ခံ ကိုဏကြီး ဖမ်းဆီးခံရမှု ဘယ်လိုဖြစ်ခဲ့လဲ၊ တိုင်းပကဖ တာဝန်ခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် NUG ရဲ့ လက်အောက်ခံတပ်တွေက ဘာတွေစိုးရိမ်နေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  10. တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

    နေပြည်တော်မှာ တပ်ချုပ်သစ်ပြောင်းပြီးနောက် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တစ်ခုတည်းကို ဂျက်ဖိုက်တာ ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်တဲ့ ပုံစံ ပြောင်းလာတယ်လို့ အမေရိကန်အခြေစိုက်၊ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) က ထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၇ ရက်က ထုတ်ပြန်တဲ့ ACLED ရဲ့ အချက်အလက်တွေအရ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူပြီး တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဆက်ခံပြီးတဲ့နောက်မှာ ဒီလိုတိုက်ခိုက်မှုပုံစံကိုပြောင်းလာတာလို့ဆိုပါတယ်။

    စစ်တပ်က ဒေသအချို့ကိုပြန်ထိန်းချုပ်လာတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေလျော့ကျသွားတယ်လို့ ဆိုပေမဲ့ စုစည်းစောင့်ကြည့်ထားတဲ့အချက်အလက်တွေအရ ပစ်မှတ်တစ်ခု အပေါ် ဆက်တိုက်တိုက်ခိုက်နေတာတွေ့ရတယ်လို့ ACLED က ဖော်ပြပါတယ်။

    စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေကတော့ ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်း၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေ ဖြစ်တယ်လို့ ACLED က ပြောပါတယ်။

    ဇူလိုင် ၁၁ ရက်ကဆိုရင် တစ်ရက်တည်းမှာပဲ ချင်းပြည်နယ်၊ ကန်ပက်လက်အရှေ့ခြမ်းကနေရာတွေနဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောထားပါတယ်။

    စစ်တပ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်နေပြီး ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဇူလိုင် ဒုတိယအပတ်မှာ ထုတ်ပြန်ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ အာဏာတည်မြဲဖို့ ကြိုးစားလာနေပြီး အရပ်သားတွေအတွက်လည်း သက်သာခွင့်မရမယ့်သဘောဖြစ်တယ်လို့ ACLED က သူ့ရဲ့အစီရင်ခံမှာ ထောက်ပြထားပါတယ်။

    အရပ်သားတွေဟာ လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအန္တရာယ်တွေကို ကြီးကြီးမားမားကြုံနေရတယ်လို့ ဆိုပါတယ်။

    မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ACLED က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ဝက်ပိုင်းအထိ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အရပ်သားဦးရေ ၄၅၀ အထိ သေဆုံးခဲ့တယ်လို့ လည်းဆိုပါတယ်။

    အမေရိကန် အခြေစိုက် ACLED ဟာ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

  11. မင်္ဂလာပါ။ ဇူလိုင် ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။