ဇူလိုင် ၂၆ ရက်သတင်းများအနှစ်ချုပ်- မကွေး-နေပြည်တော်အစပ်က ရဲနဲ့ စစ်တပ်ဂိတ် စခန်းတွေကို PDF တိုက်ခိုက်

ဇူလိုင် ၂၅ ရက် ရွှေပန်းရွာစခန်းသိမ်းပွဲက ရလာတဲ့လက်နက်တွေနဲ့အတူတွေ့ရတဲ့ PDF တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Nay Pyi Taw PDF

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၅ ရက် ရွှေပန်းရွာစခန်းသိမ်းပွဲက ရလာတဲ့လက်နက်တွေနဲ့အတူတွေ့ရတဲ့ PDF တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

မကွေးတိုင်းနဲ့ နေပြည်တော်ကို ဆက်နေတဲ့ လမ်းမကြီးပေါ်မှာ ရဲနဲ့ စစ်တပ်ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က တိုက်ခိုက်ပြီးနောက် စစ်တပ်က နီးစပ်ရာရွာတွေထဲ ဝင်ရောက် စီးနင်းရှာဖွေနေတယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်ကားလမ်းမကြီးပေါ်မှာရှိတဲ့ ရွှေပန်းရဲစခန်းနဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တွေက ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းမှာ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇူလိုင် ၂၆ ရက် မနက်ခင်းမှာတင် ရဲစခန်းရှိတဲ့ရွာထဲကို ရောက်လာပြီး ရွာကို ဝိုင်းထားတယ်လို့ PDF သတင်းရင်းမြစ်က ပြောပါတယ်။

"မနေ့က နေ့ခင်းပိုင်းမှာ ရွှေပန်းရွာကို အင်အားအလုံးအရင်းနဲ့လာပြီး ဝိုင်းကြတယ်။ ပြည်သူတွေရဲ့ ဖုန်းတွေ စစ်ပြီးရွာပြင် ပေးမထွက်ဘူး။ အခုလက်ရှိတော့ ရွှေပန်းရွာနားက ငကြည်ရွာဝန်းကျင် တောတောင်တွေထဲ လက်နက်ကြီးနဲ့ပစ်နေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်းစစ်ဌာနရဲ့ အမှတ် ၉၀၃ တပ်ရင်းရဲ့ တပ်ရင်းမှူး၊ ဗိုလ်အောင်ဒင် က ပြောပါတယ်။

ရွှေပန်းရွာအနီးတံတားပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်တွေကို PDF အမှတ် ၉၀၃ နဲ့ ၈၀၃ တပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်လို့ စစ်တပ် ဗိုလ်မှူးအဆင့်အပါအဝင် ၉ ဦး သေဆုံးတယ်လို့ နေပြည်တော် PDF က သတင်းထုတ်ပါတယ်။

ရွှေပန်းရွာဟာ မကွေးတိုင်း၊ မြို့သစ်မြို့နယ်အပိုင်မှာတည်ရှိပြီး နေပြည်တော်နဲ့အစပ် ပဲခူးရိုးမ အနီးမှာ တည်ရှိပါတယ်။ သတင်းရင်းမြစ်တွေကတော့ စစ်တပ်ဟာ လက်နက်ခဲယမ်း သယ်ဆောင်ရေးအတွက် မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်လမ်းပိုင်းကို အသုံးပြုတယ်လို့ပြောပါတယ်။

နေပြည်တော် PDF ကတော့ အဲဒီလမ်းမကြီးပေါ်က တိုက်ပွဲကနေ စစ်လက်နက်ပစ္စည်းနဲ့ ငွေသား ၃၅ သိန်းပါ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။ အခုဂိတ်စခန်းတွေမှာ အင်အား ၃၀ ခန့် စခန်းချထားပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က အင်အား ၁၀၀ နီးပါးသုံးကာ စစ်ဆေးမှုတွေလုပ်နေတာလို့ PDF အသိုင်းအဝိုင်းက ပြောပါတယ်။

နေပြည်တော်အနီးတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်တပ်က ဒီနေ့ မနက် ၉ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြောလာတာ မရှိသေးပါဘူး။