အိန္ဒိယမှာ မေးခွန်းပေါက်လို့ ဆေးကျောင်း၀င်ခွင့်စာမေးပွဲကာလ Telegram ကို ယာယီပိတ်

NEET 2026 ဆေးဘက်ဆိုင်ရာ ဘွဲ့ကြို ဝင်ခွင့် စာမေးပွဲမေးခွန်း ပေါက်ကြားတယ်လို့ဆိုပြီး စာမေးပွဲ ဖျက်ခဲ့တဲ့အပေါ် အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြမှုမှာ AISA အဖွဲ့ဝင်နဲ့ ကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NEET 2026 ဆေးဘက်ဆိုင်ရာ ဘွဲ့ကြို ဝင်ခွင့် စာမေးပွဲမေးခွန်း ပေါက်ကြားတယ်လို့ဆိုပြီး စာမေးပွဲ ဖျက်ခဲ့တဲ့အပေါ် အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြမှုဖြစ်
    • ရေးသားသူ, ရှယ်လမ်း မိုလန်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

အိန္ဒိယမှာ အရေးပါတဲ့ဆေးဘက်ဆိုင်ရာဝင်ခွင့်စာမေးပွဲကို ပြန်ကျင်းပဖို့ မသတ်မှတ်ခင် ရက်ပိုင်းအလိုမှာ လိမ်လည်လှည့်ဖြားတဲ့နည်းတွေ သုံးပြီး ဝင်ခွင့်ဖြေမှာကို စိုးရိမ်လို့ Telegram တယ်လီဂရမ် အက်ပ်ကို ယာယီပိတ်ထားလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ ကျောင်းသားတွေဟာ အိန္ဒိယမှာ National Eligibility cum Entrance Test - Undergraduate (NEET-UG) ဘွဲ့ကြိုဝင်ခွင့် စာမေးပွဲကို ဇွန်လ ၂၁ ရက်မှာ ပြန်လည်ဖြေဆို ရမှာ ဖြစ်ပါတယ်။ မေလတုန်းက ကျင်းပမယ့်စာမေးပွဲတုန်းက မေးခွန်းပေါက်ကြားတဲ့ စွပ်စွဲချက်တွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။

စာမေးပွဲ စီစဉ် ကျင်းပတဲ့ အမျိုးသားစာစစ်ဌာန (NTA) ကတော့ တယ်လီဂရမ် ကိုသုံးပြီး လိမ်လည်လှည့်ဖျားတဲ့အဖွဲ့အစည်းတွေက စာမေးပွဲဖြေမယ့်သူတွေဆီက ငွေလိမ်တဲ့ပြဿနာကို အရေးယူဖို့ အခုလိုစီစဉ်တာကို ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ အင်တာနက်အသုံးပြုသူတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဒီပိတ်ပင်မှုဟာ စာမေးပွဲလိမ်လည်မှုပြဿနာကို ကိုင်တွယ်ဖို့ ရေတိုဖြေရှင်းနည်းဆိုပြီး ဝေဖန်ကြပါတယ်။

အိန္ဒိယမှာ ဆေးကျောင်း၀င်ခွင့်အတွက်အရေးကြီးတဲ့စာမေးပွဲကို ကျောင်းသား သန်းချီ နှစ်စဉ် ၀င်ရောက်ဖြေဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ဆေးကျောင်း၀င်ခွင့်အတွက်အရေးကြီးတဲ့စာမေးပွဲကို ကျောင်းသား သန်းချီ နှစ်စဉ် ၀င်ရောက်ဖြေဆို

ဒီကိစ္စနဲ့ ပတ်သက်လို့ တယ်လီဂရမ်က ယခုအချိန်အထိ ကြေညာချက်တစ်စုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ဘီဘီစီ အနေနဲ့လည်း တယ်လီဂရမ် ဆီက တုန့်ပြန်ချက်ရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ကြေညာချက်ထုတ်ပြီး နာရီပိုင်း အနည်းငယ်အကြာအထိ တယ်လီဂရမ် မှာ အိန္ဒိယနိုင်ငံထဲက အသုံးပြုသူတွေ ဆက်သုံးနေဆဲဖြစ်ပြီး ဒီကန့်သတ်ချက်ကို ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဒါပေမဲ့ အိန္ဒိယနိုင်ငံတလွှားက ဆေးကျောင်းတွေကို ဝင်ခွင့်ရဖို့ ဖြေဆိုရတဲ့ ဒီ NEET-UG စာမေးပွဲနဲ့ပတ်သက်တဲ့ မကြာသေးခင်က ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပြန်လည်ဖော်ပြခံခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံတဝန်းက စာဖြေဌာနပေါင်း ၅,၀၀၀ ကျော်မှာ စာမေးပွဲဖြေဆိုသူ အယောက် ၂.၂၈ သန်းနီးပါးရှိခဲ့ပါတယ်။

ဒါပေမဲ့ ရက်အနည်းငယ်အတွင်း မေးခွန်း ပေါက်ကြားမှုစွပ်စွဲချက်တွေကြောင့် စာမေးပွဲကို ဖျက်ခဲ့လို့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က စုံစမ်းစစ်ဆေးနေပြီး ယခုအချိန်အထိ ဖမ်းဆီး ထိန်းသိမ်းမှု ၁၂ ခုထက်မနည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အခုလို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖျက်သိမ်းမှုအပြင် နောက်ထပ် သီးခြားအငြင်းပွားဖွယ်ကိစ္စ တစ်ခုဖြစ်တဲ့ စာမေးပွဲတစ်ခုနဲ့ ပတ်သက်ကိစ္စတွေကြောင့် အိန္ဒိယတလွှားဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဗဟိုအစိုးရ ပညာရေးဝန်ကြီး နုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂၀၂၄ တုန်းကလည်း အလားတူဝင်ခွင့် စာမေးပွဲ မေးခွန်းပေါက်တဲ့စွပ်စွဲချက်တွေနဲ့ ထောင်နဲ့ချီတဲ့ စာမေးပွဲ ဖြေဆိုသူတွေ အံ့သြဖွယ်ကောင်းလောက်အောင် အမှတ်ကောင်ကောင်းရခဲ့တာကြောင့် အငြင်းပွားစရာ ဒီအခြေအနေကို နိုင်ငံတဝန်းမှာ ဆန္ဒပြမှုဖြစ်ခဲ့ပါသေးတယ်။

ဆေးကျောင်း၀င်ခွင့်ရဖို့ ဖြေဆိုရတဲ့ ဒီစာမေးပွဲဖြေဆိုသူတွေထဲက အနည်းငယ်သာ ကျောင်းဝင်ခွင့်ရတာက အစဉ်အလာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်တုန်းကတော့ ဝင်ခွင့်ဖြေဆိုသူ အများစုဟာ အမှန်ကောင်းကောင်းရကြတာကြောင့် ဝင်ခွင့်အမှတ် ထပ်တိုးလိုက်တဲ့အခါ အမှတ်ကောင်းရတဲ့သူတွေတောင် ၀င်ခွင့်ရဖို့ ခက်ခဲပါတယ်။ ဒါကြောင့်ပဲ ဆန္ဒပြတာတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက် အင်္ဂါနေ့မှာတော့ အိန္ဒိယနိုင်ငံရဲ့အီလက်ထရွန်းနစ်နဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနဟာ တယ်လီဂရမ်ကို အိန္ဒိယနိုင်ငံထဲမှာ လာမယ့် ဇွန်လ ၂၂ ရက်နေ့ (စာမေးပွဲ ပြန်ကျင်းပပြီးနောက် တစ်ရက်) အထိ အက်ပ်ကို ဝင်ရောက်အသုံးပြုခွင့် ကန့်သတ်ဖို့ ညွှန်ကြားထားကြောင်း NTA က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနက တယ်လီဂရမ် အက်ပ်ကို အိန္ဒိယနိုင်ငံထဲမှာ ဇွန်လ ၃၀ ရက်နေ့အထိ မက်ဆေ့ချ်တွေကို တည်းဖြတ်တာ လုပ်မရအောင် တားထားဖို့ တောင်းဆိုထားပါတယ်။

စာရွက်စာတမ်း "အတုအယောင်" အထောက်အထားတွေ ဖန်တီးဖို့အတွက် ဒီမက်ဆေ့ချ် တည်းဖြတ်မှုတွေ အသုံးပြုလေ့ရှိတာကြောင့် အခုလို တားမြစ်ရတာလို့ ဆိုပါတယ်။

ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့ အိန္ဒိယဆိုက်ဘာရာဇဝတ်မှု ညှိနှိုင်းရေးစင်တာ (I4C) က NTA နဲ့ အခြားဥပဒေစိုးမိုးရေးအေဂျင်စီတွေဆီက မျှဝေထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး သူတို့နာမည်တွေနဲ့ အကြောင်းအရာတွေက သူတို့ရဲ့ လိမ်လည်မှုနဲ့ လှည့်ဖြားမှုဆိုင်ရာ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ကြော်ငြာထားတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ အုပ်စုတွေနဲ့ ဘော့တ် လို့ခေါ်တဲ့ ဆော့ဖ်ဝဲပရိုဂရမ် အရေအတွက် တော်တော်များများကို ဖယ်ရှားပစ်ခဲ့တယ်လို့ စာမေးပွဲကျင်းပရေးဌာနက ပြောပါတယ်။

စာဖြေလွှာ ပြန်ရောင်းစားသူ တော်တော်များများဟာ ပြန်ဖြေ အဖြေလွှာဟောင်းတွေကို ကြည့်ခွင့်ရဖို့ စာမေးပွဲဖြေဆိုမယ့်သူတွေနဲ့ သူတို့ မိသားစုဝင်တွေဆီက ရူပီးသိန်းရာနဲ့ ချီ တောင်းခံခဲ့ကြောင်း စွပ်စွဲခံထားရပြီး "လုံခြုံတိကျတဲ့ စာမေးပွဲစစ်ဆေးမှုတွေမှာ စာဖြေလွှာ ပေါက်ကြားမှုမျိုး မရှိနိုင်ကြောင်း" အေဂျင်စီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"တရားဝင် အဖွဲ့အစည်းတွေ၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနယ်ပယ်နဲ့ သတင်းအချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် တယ်လီဂရမ်ပလက်ဖောင်းကို အသုံးပြုကြတဲ့ " အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အခုလို တယ်လီဂရမ် ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ "အဆင်မပြေမှု" အတွက် ဝမ်းနည်းကြောင်း NTA က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အက်ပ်ကို ပိတ်ထားရတဲ့ အေဂျင်စီရဲ့ရည်ရွယ်ချက်ကတော့ စာမေးပွဲလိမ်လည်မှုကို နှိမ်နင်းဖို့ ဖြစ်ပုံရပေမယ့်လည်း လူတော်တော်များများက ဒီပိတ်ပင်မှုကို ဝေဖန်ခဲ့ကြပါတယ်။

အိန္ဒိယ ဒစ်ဂျစ်တယ်အခွင့်အရေး ထောက်ခံအားပေးရေးအဖွဲ့ဖြစ်တဲ့ အင်တာနက်လွတ်လပ်ခွင့်ဖောင်ဒေးရှင်း (IFF) က ဒီကိစ္စဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောပါတယ်။

"တယ်လီဂရမ် သုံးစွဲမှု ပိတ်ထားတာဟာ ပြဿနာအပေါ် ပြီးပြီးရော တုံ့ပြန်မှု သက်သက်သာဖြစ်ပြီး ထိရောက်မှုမရှိဘဲ၊ စာမေးပွဲပေါက်ကြားမှုရဲ့ အရင်းအမြစ်ကို ဖြေရှင်းမယ့် အစား သာမန်အသုံးပြုသူတွေကို အပြစ်ပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို တယ်လီဂရမ် အက်ပ်ကို ပိတ်ဆို့မှုဟာ NEET စာမေးပွဲ ဖြေဆိုခါနီး နောက်ဆုံးရက်တွေမှာ ပေါ်ပေါက်လာတာဖြစ်ပြီး အဲဒီအချိန်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ တယ်လီဂရမ် ကတဆင့် အုပ်စုလိုက် သိထားတာတွေ ဖလှယ်ကြ တစ်ယောက်နဲ့တစ်ယောက် မျှဝေကြရတဲ့ အခြေအနေမို့ တယ်လီဂရမ်ကို မှီခိုနေကြရတယ်" လို့ IFF က ပြောပါတယ်။

အခုလို တယ်လီဂရမ်ကို ပိတ်ပင်ထားတာဟာ ပညာရေးစနစ်ထဲမှာရှိတဲ့ အတွင်းစည်းထဲက လူတွေ၊ ပုံနှိပ်ထုတ်ဝေသူတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက်မှာ ဖြစ်ပေါ်နေသော ပေါက်ကြားမှုများကို ရပ်တန့်သွားစေမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။