
ဓာတ်ပုံ ရင်းမြစ်, ထိုင်းအလုပ်သမားဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, ဘန်ကောက်မှာ ဇူလိုင် ၂၁ ရက်တုန်းက မြန်မာ ၂၇ ဦးအပါ နိုင်ငံခြားသား ၃၅ ဦးဖမ်းဆီးခံရထိုင်းနိုင်ငံထဲက ဘန်ကောက်မြို့လယ်ခေါင်မှာ လူသွားလူလာများတဲ့
နာမည်ကြီးကုန်တိုက်တွေကို ရှာဖွေစီးနင်းစစ်ဆေးရာကနေ ကုန်တိုက်ထဲကဆိုင်တွေမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့
မြန်မာ ၂၇ ဦးအပါအဝင် နိုင်ငံခြားသား ၃၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက
ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဖမ်းဆီးခံလိုက်ရသူတွေထဲ မြန်မာအများဆုံးပါဝင်ပြီး အိန္ဒိယ၊ လာအို၊
ပါကစ္စတန်နဲ့ တရုတ်နိုင်ငံသားတွေလည်းပါဝင်ပါတယ်။
ထိုင်းနိုင်ငံသားတွေသာ အလုပ်လုပ်ခွင့်ရှိတဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေကို
ဖမ်းဆီးနှိမ်နင်းနိုင်ရေးခေါင်းစဉ်အောက်ကနေ ပတူနမ်ဈေး အနီးနားက ပလက်တီနမ်နဲ့ အင်ထရာစကွဲ ဈေးဝယ်စင်တာတွေထဲ ဇူလိုင် ၂၁ ရက်မှာ ဝင်ရောက်စစ်ဆေးပြီး တရားမဝင်အလုပ်လုပ်နေသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနအောက်က
အလုပ်သမားဥပဒေချိုးဖောက်မှု ကာကွယ်နှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို တားမြစ်ထားတဲ့အလုပ်အမျိုးအစားတွေမှာ
ဝင်ရောက်လုပ်ကိုင်တာနဲ့ အလုပ်သမားမှတ်ပုံတင်ကတ်မရှိဘဲ တရားမဝင်လုပ်ကိုင်နေတာကြောင့်
အလုပ်သမားဥပဒေပုဒ်မ ၈၊ ၁၀၁ တို့နဲ့ အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက
ကြေညာပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ
လုပ်ခွင့်မရှိတဲ့အလုပ်တွေမှာ ဝင်လုပ်ရင် ငွေဒဏ် ထိုင်းဘတ် ၅ ထောင်ကနေ ဘတ် ၁ သောင်း
နဲ့ ပြည်နှင်ဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဥပဒေနဲ့ မညီဘဲ အလုပ်သမားတွေကို ခန့်ထားတဲ့ လုပ်ငန်းရှင်တွေကိုလည်း
အလုပ်သမားတစ်ယောက်အတွက် ထိုင်းဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ငွေဒဏ်ကျခံရမှမှာဖြစ်ပြီး
တစ်ကြိမ်ထက်မက ကျူးလွန်ရင်လည်း ထောင်ဒဏ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။
ဇူလိုင် ၁၉ ရက်တုန်းကလည်း နိုင်ငံခြားသားလည်ပတ်မှုများတဲ့
ပတ္တရားမြို့ က ညဈေးတန်းက အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး မြန်မာ
၁၁ ဦးအပါအဝင် နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အလားတူ ထိုင်းမြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း
မြန်မာ ၁ ဦးဟာ နိုင်ငံသားခြားလုပ်ခွင့်မရှိတဲ့ အလုပ်တစ်ခုဖြစ်သလို လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်အလုပ်လုပ်ကိုင်ကိုင်တာကြောင့်
အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင် ချွန်ဘူရီခရိုင်ထဲက ဆံပင်ညှပ်ဆိုင်၊
အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် တခြားလုပ်ငန်းတွေကို ဖမ်းဆီးခဲ့ပြီး
အဲဒီနေရာမှာလည်း မြန်မာတချို့အပါအဝင် နိုင်ငံခြားသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့
သိရပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို
ကာကွယ်ဖို့နဲ့ နိုင်ငံထဲက အလုပ်သမားခန့်အပ်စီမံတဲ့
စံနှုန်းတွေကို မြှင့်တင်သွားမယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရကတော့ မြန်မာအပါအဝင် လက်ရှိအလုပ်လုပ်ကိုင်နေထိုင်ခွင့်မှတ်ပုံတင်ထားတဲ့
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကို
၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ သက်တမ်းတိုးပေးမယ်ဆိုပြီး ကြေညာထားပါတယ်။
ဒါပေမယ့် တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့
ခွင့်ပြုချက်မရှိတဲ့ အလုပ်အမျိုးအစားတွေမှာ ဝင်ရောက်လုပ်ကိုငက်နေတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက
စစ်ဆေးအရေးယူနေပါတယ်။