လေးမျက်နှာမှာ ရေအားကြောင့် တာကျိုးကို ပိတ်ဆို့တဲ့သံဘောင်တွေ ကွေးပြီး တာပေါက်မှုထပ်ဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ကျိုးသွားတဲ့တာကို ပြန်ပိတ်ရာမှာ သုံးထားတဲ့သံဘောင်တွေဟာ ရေအားကြောင့် ကွေးကုန်ပြီး မနေ့ညတုန်းက တာထပ်မံကျိုးပေါက်လို့ မြို့ထဲကို ရေတွေ စ၀င်လာနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တချို့နဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲ င၀န်မြစ်ရေကို ကာထားတဲ့တာဘောင် ကျိုးပေါက်လို့ တာပြန်ဖို့ ကြိုးပမ်းတာ တစ်လကျော်အကြာမှာ တာကျိုးခဲ့တဲ့နေရာကို ပြန်ပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ငဝန်မြစ်ရေကိုကာထားတဲ့တာကျိုးပေါက်မှုမှာ ရေဝင်လမ်းကြောင်းကို ပြန်ပိတ်ဆို့နိုင်ပြီလို့ နေပြည်တော်က ကြေညာပြီး နောက်တစ်ရက် စက်တင်ဘာ ၉ ရက် ညပိုင်းမှာပဲ ရေကာထားတဲ့တာ အတွင်းဘောင် ပြန်ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
“မြစ်ရေစီးသန်တော့ ရေတားဖို့ လုပ်တဲ့ သံဘောင်တွေ ကွေးပြီး ပေ ၂၀ အကျယ်လောက် ပြန်ကျိုးပေါက်သွားတာ၊ တာဘောင်ပိတ်တဲ့အဖွဲ့တွေက ပြန်တောင်မပြန်ရသေးဘူး” လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ အတွင်းတာဘောင် ပြန်ကျိုးပေါက်လို့ “မြို့ပေါ်ရပ်ကွက်ထဲ ရေစဝင်နေတယ်၊ ရေကတော့ တစ်ပေလောက်ပဲ တက်သေးတယ်” လို့မြို့ခံတစ်ဦးက ဆိုပါတယ်။
ငဝန်မြစ်ရေကာတာအတွက် အတွင်းတာဘောင်နဲ့ အပြင်တာဘောင် ၂ ထပ်ပိတ်ဆို့ဖို့ ဆောင်ရွက်နေပေမယ့် အခုက ပြင်ဆင်ပြီးစီတာ မကြာသေးတဲ့ အတွင်းတာဘောင်က ပြန်ပြီးကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ကတော့ ဒီအတွင်းတာဘောင်ကို ပိတ်ဆို့ဖို့ တစ်လနဲ့ ၄ ရက် ကျော်ကြာ ဆောင်ရွက်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ကြေညာပါတယ်။
ဇူလိုင်လကုန်ပိုင်းတုန်းက ငဝန်မြစ်ရေကာတာနဲ့ အတွင်းတာဘောင် ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်တစ်ခုလုံး ရေကြီးရေလျှံမှုအဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။
ဒီကနေ့မှာလည်း မြို့ထဲကို ရေတွေ တရိပ်ရိပ်စဝင်လာတာကြောင့် မြို့ခံတချို့ကတော့ အရေးပေါ်ပြန်ပြောင်းရွှေ့နေကြရတယ်လို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောပါတယ်။
နေပြည်တော်ကတော့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာ ထပ်ပြီးကျိုးပေါက်ခဲ့တာနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။




