ဇွန်လ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရန်ကုန်က နာမည်ကြီး ၁၉ လမ်းကို ညစျေးဆိုပြီးပြန်ဖွင့်တဲ့သတင်းအပါအဝင် ဇွန် ၉ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဇွန်လ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC မြန်မာပိုင်း
ကြက်ပျံမကျစည်ကားတဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ၁၉ လမ်းကို ရက် ၁၀၀ စီမံချက်နဲ့ ရန်ကုန်စည်ပင်က ရှင်းလင်းပြီးနောက်မှာ ဒီနေ့ညနေပိုင်းမှာ ညစျေးဆိုပြီး ဖွင့်လိုက်ပါတယ်။
ကမ္ဘာ့လှည့်ခရီးသွားတွေ၊ ပြည်တွင်းကစားသုံးသူတွေနဲ့စည်ကားတဲ့ ၁၉ လမ်းဟာ စီမံချက်နဲ့မရှင်းလင်းခင်က စျေးသည်တွေ စားသောက်ဆိုင်တွေရဲ့ လမ်းပေါ်ခင်းထားတဲ့စားပွဲတွေမှာ လာရောက်စားသောက်သူတွေနဲ့ ညတိုင်း စည်ကားခဲ့တာပါ။
ဒါပေမဲ့ စီမံချက်နဲ့ ရှင်းလင်းပြီးနောက်မှာ ၁၉ လမ်းကို ညစျေးလိုပုံစံနဲ့ ပြန်စည်ကားအောင် ဆောင်ရွက်ဖို့ ညှိနှိုင်းတာတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ အခုညစျေးပုံစံနဲ့ ဖွင်ပေမဲ့ ဒါက ရေရှည်မှာ ဘယ်လောက်အောင်မြင်မယ်ဆိုတာတော့ မြို့ခံတွေက တိတိကျကျမပြောနိုင်ကြပါဘူး။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း လမ်းဘေးစျေးသည်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ညစျေးဆိုပြီး ဖွင့်လှစ်ပေးခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘိုးတော်ဘုရားလို့ လူသိများတဲ့ ဗဒုံမင်း နတ်ပြည်စံတာ ဒီနှစ် ဇွန်လမှာ ၂၀၅ နှစ် ပြည့်ခဲ့ပါပြီ။
ဘိုးတော်ဘုရားခေတ်က အကြောင်းတွေဆိုပြီး ခေတ်မမီတဲ့ ကိစ္စတွေကို ရယ်စရာ ပြောတတ်ကြ ပေမယ့် ဘိုးတော်ဘုရားခေတ်ကနေ အခုခေတ်ထိ ဆက်နွယ်နေတဲ့ အကြောင်းတွေလည်း ရှိနေပါတယ်။
နောက်ဆုံး မြန်မာမင်းဆက် ကုန်းဘောင်ကို တည်ထောင်တဲ့ အလောင်းဘုရားရဲ့ သားတော် ဗဒုံမင်းဟာ ဘကြီးတော်နဲ့ သာယာဝတီမင်းတို့ရဲ့ ဘိုးတော် တော်စပ်လို့ ဘိုးတော်ဘုရားလို့ လူသိများပါတယ်။
သူ့ကို ပြီးခဲ့တဲ့ ထောင်စုနှစ်ရဲ့ အထူးခြားဆုံး မြန်မာပြည်သား အဖြစ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ရွေးချယ်ခဲ့ပါတယ်။
သူ့အရိပ်အငွေ့တွေကို အထင်ရှားဆုံးတွေ့ရတာကတော့ ခရီးသည်တွေ အသွားများတဲ့ အမရပူရ မြို့နဲ့ မင်းကွန်းဒေသဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ ဘီဘီစီအထူးဆောင်းပါး အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်စဉ် ဇွန်လ ၈ ရက်ကို ကမ္ဘာ့သမုဒ္ဒရာနေ့အဖြစ် ကုလသမဂ္ဂက ၂၀၀၈ ခုနှစ်ကတည်းက သတ်မှတ်ပါတယ်။
ကမ္ဘာမြေရဲ့ ၇၀ ရာခိုင်နှုန်းကို သမုဒ္ဒရာရေပြင်က နေရာယူထားပြီး ကမ္ဘာ့လူသားတွေ အသက်ရှင်ဖို့ လိုအပ်တဲ့အောက်စီဂျင် ၅၀ ရာခိုင်နှုန်းကိုလည်း ထုတ်လုပ်ပါတယ်။
ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံကျော်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ပိုပြီးမည်းနက်လာတယ်လို့ ဗြိတိန်မှာရှိတဲ့ ပလင်းမတ်သ် တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။
"သမုဒ္ဒရာမည်းနက်လာခြင်း"လို့ သိကြတဲ့ဖြစ်စဉ်ဟာ သမုဒ္ဒရာရဲ့အပေါ်ယံ အကျဆုံးအလွှာမှာရှိတဲ့ ရေထုထဲကို အလင်းရောင် ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့အခါ ဖြစ်ပေါ်တဲ့ ဖြစ်စဥ်မျိုးပါ။
အပေါ်ဆုံးအလွှာကို "အလင်းထိုးဖောက် ဝင်ရောက်နိုင်တဲ့ လင်းရောင်ခြည်ဇုန် - Photic Zone" လို့ခေါ်ကြပြီး အဏ္ဏဝါသက်ရှိအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျင်လည်ကျက်စားရာဇုန်ဖြစ်ပါတယ်။ ဒီဇုန်ဟာ ကျန်းမာကောင်းမွန်တဲ့ ကမ္ဘာ့ဇီဝဘူမိဓာတုသံသရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အလွန်အရေးကြီးတဲ့အရာလည်း ဖြစ်ပါတယ်။
၂၀၀၃ နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ပိုပြီး မည်းနက်လာတယ်လို့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေအကြောင်း ရေးသားထုတ်ဝေတဲ့ Global Change Biology ဂျာနယ်ပါ လေ့လာမှုက ဖော်ပြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျု ငလျင်ရဲ့နောက်ဆက်တွဲ ငလျင်ငယ်ရာချီ ဆက်လှုပ်နေပြီး သေဆုံးသူအရေအတွက် ဆက်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦး အထိမြင့်တက်လာပြီး ဒဏ်ရာရသူ ၅၀၀ နီးပါးအထိရှိတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်အပြီးမှာ အဆောက်အဦတွေ ပြိုကျကုန်တာအပြင် လမ်းတွေကလည်း အက်ကွဲတာ ဒါမှမဟုတ် မြေပြိုတဲ့အထဲ ပါတာတွေ ဖြစ်ခဲ့ပါတယ်။
“သေဆုံးတဲ့သူ အရေအတွက် တိုးမလာဖို့ မျှော်လင့်ပေမဲ့ တရိပ်ရိပ်တက်လာပါတယ်။ ဒီနေ့ကတော့ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို ဦးစားပေးသွားမယ်” လို့ ဘေးအန္တရာယ်တုံ့ပြန်မှုကြီးကြပ်ရေးအေဂျင်စီရဲ့ ဒုအတွင်းရေးမှူး ဘာနာဒို အလာဟန်ဒရိုက DZMM ရေဒီယိုကို ပြောပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း ၂,၀၀၀ ဝန်းကျင်နဲ့ အစိုးရကျောင်းပေါင်း ၆,၀၀၀ ပျက်စီးတယ်လို့ သူက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့အပြင်းထန်ဆုံးငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုအများစုဖြစ်ပေါ်တဲ့ Pacific ring of fire လို့ခေါ်တဲ့ ပစိဖိသမုဒ္ဒရာကို ဝန်းရံထားတဲ့ မြင်းခွာပုံနယ်မြေထဲမှာ ရှိနေတာပါ။
ဒါကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲတာတွေကို မကြာခဏကြုံနေရပါတယ်။


ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ထဲက ငါးအိုးရွာကနေ ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ် ကြောင်းနဲ့ ငါးအိုး-ရွှေကူလမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်လွတ်လပ် ရေးတပ်(ကေအိုင်အေ) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေ အမှတ် ၁၁ တပ်မဟာ လှုပ်ရှားနယ်မြေဖြစ်တဲ့ ရွှေကူမြို့နယ်ထဲက ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို မနေ့တုန်းကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်တယ်ဆိုတဲ့ထုတ်ပြန်ချက်ကိုလည်း ကေအိုင်အေဘက်က ထုတ်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက” စစ်တပ်က ရွှေကူမြို့ပေါ် နေရာအတော်များများကို တပ်ဖြန့်ထားတယ်” လို့ ပြောပြီး မြို့ပေါ် တိုက်ပွဲဖြစ်နိုင်ခြေကိုလည်း သူက သုံးသပ်ပါတယ်။
ကေအိုင်အေကတော့ တိုက်ပွဲဖြစ်နိုင်ခြေကြောင့် ရွှေကူမြို့ကနေ အရပ်သားတွေ တိမ်းရှောင်ကြဖို့ က မနေ့ကတည်းက စာထုတ် သတိပေးပါတယ်။
ဒါပေမဲ့ ရွှေကူမှာ မြို့ခံတွေအပြင် ဗန်းမော်၊ မိုးမောက်၊ မံစီ စတဲ့ဒေသတွေက စစ်ရှောင်မိသားစုတွေ လာရောက်နေထိုင်နေကြတာကြောင့် ဒီလူတွေဟာ နှစ်ထပ်ကွမ်းစစ်ရှောင်ဖြစ်ရမယ့်အခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။
ကချင်ထဲက မြို့ပေါ်တိုက်ပွဲတွေအကြား စစ်ရှောင်အရပ်သားတွေကို ပြောင်းရွှေ့ပေးရတဲ့ အတွေ့ အကြုံရှိတဲ့ ပရဟိတအသင်းတစ်သင်းကတော့ အရေးကြီးစာရွက်စာတမ်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို အရေးပေါ်အိတ်နဲ့ ပြင်ဆင်ထားကြဖို့ သတိပေးနှိုးဆော်ပါတယ်။
စစ်ကိုင်းထဲက တကောင်းမြို့နဲ့ ထီးချိုင့်မြို့ကို သိမ်းလာတဲ့ စစ်တပ်ဟာ အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးအတိုင်း ရွှေကူမြို့ကို မေလကုန်ပိုင်းကစလို့ တက်လာတာဖြစ်ပြီး ကေအိုင်အေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဇွန်လထဲမှာတော့ ရှေ့ရောက်လာတဲ့စစ်ကြောင်းအခြေအနေကြောင့် မြို့ပေါ်က အရပ်သားတွေ ကြိုတင်တိမ်းရှောင်ဖို့ ကေအိုင်အေက သတိပေးလာတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးခရီးထွက်လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားဘက်က နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကြိုဆိုပါတယ်။
ပြုံယမ်းမြို့ကိုရောက်တဲ့ သမ္မတ ရှီကို ကြိုဆိုတဲ့အခမ်းအနားမှာ အလံတိုင်ငယ်တွေကို တလူလူလွှင့်ကိုင်တဲ့ကလေးတွေအစ၊ ရောင်စုံဘောလုံးတွေအလယ်၊ ကော်ဇောနီရှည်ကြီးအဆုံး ပါဝင်ပါတယ်။
တနင်္လာနေ့က ပြုံယမ်းကို ရှီရောက်ချိန် မြောက်ကိုရီးယားဘက်က ကြိုဆိုခဲ့ပုံကို ရုပ်သံမှာ ဆက်ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းကို မြေပြင် အင်အားအလုံးအရင်းနဲ့တက်လာချိန်မှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။
ချင်းကာကွယ်ရေးတပ်တွေအပြောအရ စစ်တပ်ဟာ ချင်းတောင်ပိုင်း စိုးမိုးရေး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးနေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြေပြင်အခြေအနေသိရှိသူကတော့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းဟာ ဒီမနက် ၉ နာရီဝန်းကျင်ကစကာ နာရီဝက်အတွင်း ဗုံး ၈ လုံးကြဲချတိုက်ခိုက်တာလို့ သူက ပြောပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို တပ်သားအင်အား ၂,၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့မှာတော့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံကို သိမ်းပြီးတဲ့နောက် ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာပါတယ်။ အဲဒီနောက်မှာ ပြည်နယ်တောင်ပိုင်းကို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
ချင်းတောင်ပိုင်း ၄ မြို့နယ်ဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီတို့ကို ချင်းညီနောင်အဖွဲ့က သိမ်းထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးသွားတဲ့ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်ကို ဒီနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ပြုံယမ်းက သူ့ကို မနေ့က ခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့လည်း ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ ရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိကဝတ် ပြုထားပါတယ်။
ရှီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတက ဗလာဒီမီယာ ပူတင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့အပြီးမှာ မြောက်ကိုရီးယားကို သွားခဲ့တာဖြစ်ပါတယ်။
ရှီဟာ ရုရှားနဲ့ ပိုနီးကပ်လာပြီး ခန့်မှန်းရခက်ခဲတဲ့ သူ့ အိမ်နီးချင်း မဟာမိတ် မြောက်ကိုရီးယားကို ဗျူဟာကျကျ ဘယ်လို ဘက်ယိမ်းလာအောင် လုပ်မလဲဆိုတာကို သေချာအောင်လုပ်ဖို့ အခုခရီး စတင်ခဲ့တာလို့ ဘီဘီစီရဲ့ တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Indonesia MFA
နေပြည်တော်ကို တစ်ရက်တာခရီးသွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ပြောခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ဇွန် ၈ ရက်က အဲဒီတွေ့ဆုံမှုအတွင်း မြန်မာမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးအတွက် အင်ဒိုနီးရှားက ထောက်ခံကြောင်းလည်းပြောခဲ့တယ်လို့ဆိုပါတယ်။
အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်သင့်ကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ အဲဒီအချိန်က စစ်ခေါင်းဆောင်တို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအဝင် အဓိကအချက်အများစုမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထားပါတယ်။
အင်ဒိုနီးရှားအနေနဲ့ မြန်မာမှာ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို နားလည်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လာဖို့ နေပြည်တော်အစိုးရက လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်ပြောကြားတယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။
မြန်မာက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တတ်နိုင်သမျှဆောင်ရွက်နေတဲ့ အခြေအနေကို ဆွေးနွေးတယ်လို့ ပြောပေမဲ့ နှစ်ဖက်ဆွေးနွေးမှု အသေးစိတ်ကိုတော့ မဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံတွေ ဆက်လက်ထိတွေ့ဆက်ဆံနေတဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၉ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။