သတင်းထူး, ကျောက်တော်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၇ ဦး ထက်မနည်းရှိ, သေဆုံးသူ မြင့်တက်လာနိုင်တယ်လို့ဆို
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့တာကြောင့် သေဆုံးသူ ၇ ဦးထက်မနည်းရှိတဲ့အကြောင်း မြေပြင်အခြေအနေ သိရှိသူ စာရေးဆရာ ဝေဟင်အောင်က ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ဟာ ကျောက်တော်မြို့နဲ့အနီးတဝိုက်ကို တိုက်လေယာဉ် ၃ စင်းနဲ့ ဒီနေ့ညနေ ၃ နာရီနဲ့ ၄ နာရီအတွင်း ဗုံးကြဲခဲ့တာလို့ သူက ပြောပါတယ်။
စစ်တပ် ဗုံးကြဲမှုတွေအတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် လူ ၇ ဦး နေရာမှာတင်သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရလို့ အသက်စိုးရိမ်ရသူ နောက်ထပ် လူ ၅ ဦးရှိတယ်လို့လည်း သူက ဆိုပါတယ်။
‘‘ပစ်ခတ်သွားတဲ့နေရာက အတော်ကျယ်ပြန့်တယ်။ ကစ္စပနဒီမြစ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက နေရာ ၉ ခုလောက်ကို ဗုံးကြဲသွားတယ်လို့ သိရပါတယ်။ နေရာကျယ်ပြန့်လို့ ထိခိုက်သေဆုံးသူ အရေအတွက် တိတိကျကျ ပြောဖို့ခက်နေတယ်။ လူနေ ထူထပ်တဲ့နေရာတွေကို ဗုံးကျတာကြောင့် သေဆုံးသူ တိုးလာနေတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်’’ လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကလွဲလို့ ပြည်နယ်နေရာအများစုကို အေအေက ထိန်းချုပ်ထားပြီး ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးအခက်အခဲတွေ ရှိနေပါတယ်။
ဒါကြောင့် ကျောက်တော်မှာ ဒီနေ့ညနေ ဖြစ်သွားတဲ့ ထိခိုက်မှု အတိုင်းအဆကို သိနိုင်ဖို့ ခက်ခဲနေပါတယ်။
ကျောက်တော်မြို့နယ်ထဲ အခုဗုံးကြဲမှုတွေ ဖြစ်ခဲ့တယ်လို့ဆိုတဲ့အခုသတင်းနဲ့ပတ်သက်ပြီး စစ်တပ်ရော၊ အေအေ ဘက်ကပါ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။