ဇွန် ၁၃ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဗင်နီဇွဲလားဂိုဏ်းခေါင်းဆောင်ကို အမေရိကန် လေကြောင်းကနေ လုပ်ကြံ

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ တိုက်ခိုက်မှု ရုပ်သံ

ဓာတ်ပုံ ရင်းမြစ်, the white house

ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်က ထုတ်ပြန်တဲ့ တိုက်ခိုက်မှု ရုပ်သံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ဗင်နီဇွဲလားရာဇဝတ်ဂိုဏ်း ထရန် ဒီ အာရာဂွာရဲ့ ခေါင်းဆောင်ကို အမေရိကန်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

"ကျွန်တော့် ညွှန်ကြားချက်အရ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းကွပ်ကဲရေးဌာနက နီညို ဂွာရဲရိုးကို လေကြောင်းကတစ်ဆင့် လျှင်လျှင်မြန်မြန်နဲ့ အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပါတယ်" လို့ ထရမ့်က လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။

နီညို ဂွာရဲရိုးရဲ့ နာမည်အပြည့်အစုံဟာ ဟက်တာ ရက်စတင်ဖို့ ဂွာရဲရိုး ဖလိုရဲစ်ဖြစ်ပြီး သူဟာ ထရန် ဒီ အရာဂွာရဲ့ ကာလရှည်ခေါင်းဆောင်ဖြစ်ပါတယ်။

ရာဇဝတ်ဂိုဏ်းဟာ လက်တင်အမေရိကမှာ နာမည်ဆိုးနဲ့အကျော်ကြားဆုံးဂိုဏ်းတွေထဲကတစ်ခုဖြစ်ပြီး ထရမ့်အစိုးရဲ့ ပစ်မှတ်ဖြစ်နေခဲ့တာကြာပါပြီ။

အဲဒီရာဇဝတ်ဂိုဏ်းဟာ အမေရိကန်ပြည်ထောင်စုကို ပုံစံမကျတဲ့စစ်ဆင်ရေးလုပ်နေခဲ့တယ်လို့ စွပ်စွဲပြီး ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတယ်လို့ ထရမ့်ကပြောပါတယ်။

အစိမ်းရောင်အဆောက်အအုံတစ်လုံးနဲ့ အနီးအနားက တဲတစ်လုံးပေါက်ကွဲထွက်ပြီး အပိုင်းအစတွေ လေထဲပြန့်ကျဲထွက်သွားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ထရမ့်က ဝေမျှခဲ့ပါတယ်။ "ဗင်နီဇွဲလားက အလုပ်တွဲလုပ်လို့ကောင်းတဲ့ မိတ်ဆွေတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်တယ်" လို့ ထရမ့်က ပြောပါတယ်။

ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်လို့ ဗင်နီဇွဲလားအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဂွာရဲရိုးရဲ့ခေါင်းဆောင်မှုအောက်မှာ ထရန် ဒီ အရာဂွာဂိုဏ်းဟာ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူးနဲ့ ချီလီနိုင်ငံတွေထဲကို နယ်ပယ်ချဲ့ထွင်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို လိင်ကုန်ကူးတာ၊ ငွေယူပြီး သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာမျိုးတွေ လုပ်ကိုင်ခဲ့ပါတယ်။

နီညို ဂွာရဲရိုးက အကျဉ်းထောင်ထဲမှာ ဂိုဏ်းဖွဲ့ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းအဖြစ် ပြောင်းလဲခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သူ့ကိုဖမ်းမိတဲ့အထိ သတင်းပေးနိုင်ရင် ဒေါ်လာသန်းပေါင်းများစွာပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုငွေထုတ်ခဲ့ဖူးပါတယ်။

ဂွာရဲရိုးဟာ ထောင်ထဲဝင်လိုက်ထွက်လိုက်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ အကျဉ်းထောင်စောင့်တစ်ဦးကို လာဘ်ပေးပြီး လွတ်မြောက်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာတော့ ပြန်လည်အဖမ်းခံခဲ့ရပါတယ်။

သူ ထောင်ထဲပြန်ရောက်ပြီးနောက်မှာ သူဟာ ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း အရာဂွာပြည်နယ်က တိုကိုရွန်အကျဉ်းထောင်ကို တိရစ္ဆာန်ရုံ၊ စားသောက်ဆိုင်တွေ၊ နိုက်ကလပ်၊ လောင်းကစားရုံနဲ့ ရေကူးကန်ပါဝင်တဲ့ အပန်းဖြေလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ အဲ့ဒီအချိန်က သမ္မတနီကိုလပ် မာဒူရိုဟာ စစ်သည် ၁၁၀၀၀ စေလွှတ်ပြီး အကျဉ်းထောင်ကို ဝင်ရောက်စီးနင်း ပြန်လည်သိမ်းယူခဲ့ပေမဲ့ ဂွာရဲရိုးကတော့ လွတ်မြောက်ခဲ့ပါတယ်။

အင်္ဂလန်အသင်းလေ့ကျင့်ရေးပစ္စည်းတွေ အခိုးခံရမှု လူနှစ်ဦးကိုဖမ်းဆီး

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းအလံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း အမေရိကန်နိုင်ငံ ကန်ဆက်စ် စီတီးမြို့ကို ရောက်မလာခင်မှာပဲ လေ့ကျင့်ရေးပစ္စည်းတွေ အခိုးခံခဲ့ရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း အမေရိကန်နိုင်ငံ ကန်ဆက်စ် စီတီးမြို့ကို ရောက်မလာခင်မှာပဲ လေ့ကျင့်ရေးပစ္စည်းတွေ အခိုးခံခဲ့ရပါတယ်။

ကန်ဆက်စ် စီတီးမြို့ မှာရှိတဲ့ အင်္ဂလန်အသင်း စခန်းချမယ့် Swope Soccer Village ကို လေ့ကျင့်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တွေ ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး အခိုးခံခဲ့ရတဲ့ အထဲမှာ ဘောလုံးတွေ၊ ဘောကန်ဖိနပ်တွေ ပါသွားတယ်လို့ ယူဆရပါတယ်။

ဘာတွေ အခိုးခံခဲ့ရတာလဲဆိုတာကို အတိအကျသိရဖို့ ဘောလုံးအဖွဲ့ချုပ်က ကြိုးစားစုံစမ်းနေပါတယ်။

မန်နေဂျာ သောမတ်စ် တူခယ်နဲ့ အင်္ဂလန်ဘောလုံးအသင်းဟာ ကန်ဆက်စ် စီတီးမြို့ကို စနေနေ့ နေ့လယ်မှာ ရောက်ရှိမှာဖြစ်ပြီး လေ့ကျင့်ရေးပစ္စည်းတွေက အဲဒီမတိုင်ခင် ရောက်ရှိရမှာ ဖြစ်ပါတယ်။

ဘောလုံးအဖွဲ့ချုပ်နဲ့ စကားပြောဆိုနေတဲ့ ရဲအရာရှိတွေက အခင်းဖြစ်ရာနေရာကို သောကြာနေ့ညမှာ ရောက်ရှိလာပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ဆက်နွှယ်နေမှုနဲ့ လူနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကန်ဆက်စ် စီတီးရဲတပ်ဖွဲ့ ပြောခွင့်ရသူက "ကန်ဆက်စ် စီတီးမြို့ကို ရောက်ရှိလာတဲ့ ဘောလုံးအသင်း တစ်သင်းရဲ့ မော်တော်ယာဉ်ပေါ်က ပစ္စည်းတွေ ပျောက်ဆုံးနေပြီး ခိုးမှုဖြစ်ပုံရတဲ့ ကိစ္နနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးမှုက ဆက်လုပ်နေဆဲပါ" လို့ ပြောသွားပါတယ်။

အခုလို လေ့ကျင့်ရေးပစ္စည်းတွေ အခိုးခံခဲ့ရတာကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ခရိုအေးရှားနဲ့ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ပွဲဦးထွက်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ ပြင်ဆင်မှုတချို့ ထိခိုက်သွားနိုင်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားတွေဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ပထမဆုံး လေ့ကျင့်မှုတွေ အပြည့်အဝ စလုပ်ဖို့ ရှိနေပါတယ်။

ထိုင်းတော်ဝင်မင်းသမီးရဲ့ ရုပ်အလောင်းကို နန်းတော်ဆီ သယ်ဆောင်

ထိုင်းတော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာရဲ့ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ တော်ဝင်စီးတော်ယာဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းတော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာရဲ့ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ တော်ဝင်စီးတော်ယာဥ်

ကြာသပတေးနေ့က နတ်ရွာစံသွားတဲ့ ထိုင်းတော်ဝင်မင်းသမီး ဘချရာခစ်တီရာဘာရဲ့ရုပ်အလောင်းကို ဒီနေ့ညနေပိုင်းမှာ ဘန်ကောက်၊ ချူလာလောင်ကွန်းဆေးရုံကနေ ဈာပနအခမ်းအနားကျင်းပမယ့် တော်ဝင်နန်းတော်ဆီ ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ရုပ်အလောင်းသယ်ဆောင်လာတဲ့ ‌ဘန်ကောက်မြို့တွင်းလမ်းကြောနဲ့ နန်းတော်တဝိုက်မှာ ထိုင်းတော်ဝင်မင်းသမီးကို ဂါရဝပြုကန်တော့ဖို့ ထိုင်းပြည်သူအများအပြားတန်းစီစောင့်ဆိုင်းကြပါတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အနက်ရောင်ကိုသာ ဝတ်ဆင်ထားကြပြီး ငိုကြွေးကြတဲ့ ထိုင်းပြည်သူတွေကိုလည်း တွေ့ရပါတယ်။

ဒီတော်ဝင် ဈာပနအခမ်းအနားကို ထိုင်းရုပ်သံလိုင်းတွေက တိုက်ရိုက် ထုတ်လွှင့်ပါတယ်။ ချူလာလောင်ကွန်းဆေးရုံက မင်းသမီးရုပ်အလောင်းကို တော်ဝင်စီးတော်ယာဥ်ဖြစ်တဲ့ ဂျိမ်းစ်ဘွန်းနာမည်နဲ့ ခဲရောင် ဗောက်စ်ဝက်ဂွန် T4၊ ယာဥ်နံပါတ် 1ด-0929 နဲ့ သယ်ထုတ်လာတာဖြစ်ပါတယ်။

ဒီတော်ဝင်ယာဥ်ဟာ ထင်ရှားတဲ့ တော်ဝင်ဈာပနတွေမှာသာ အသုံးပြုတာကြောင့် ထိုင်းလူထုရဲ့ မှတ်ဥာဏ်ထဲမှာ မှတ်မှတ်ရရရှိတယ်လို့ ထိုင်းအစိုးရရုပ်သံလိုင်းက ဖော်ပြပါတယ်။

အရင်ကတော့ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ တော်ဝင်တာဝန်တွေ ထမ်းဆောင်ရာမှာ အသုံးပြုခဲ့တာပါ။

အခုနတ်ရွာစံတဲ့ တော်ဝင်မင်းသမီးဟာ လက်ရှိထိုင်းဘုရင်ကြီးရဲ့ အကြီးဆုံးသမီးတော်ဖြစ်ပါတယ်။ မင်းသမီး ဘချရာခစ်တီရာဘာဟာ ကွယ်လွန်ချိန်မှာ သက်တော် ၄၇ နှစ်သာရှိသေးတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကတည်းက နှလုံးနဲ့ဆက်စပ်တဲ့အခြေအနေကြောင့် ဆေးရုံတက်နေခဲ့ရတာပါ။

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးရဲ့ ရွှေ ၁၆ ပိဿာအမှု NUG ဘာပြောလဲ

MDY-PDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, MDY-PDF

ဓာတ်ပုံ ပုံစာ, MDY-PDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ(ပုံဟောင်း)

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဖမ်းဆီးထားတဲ့ MDY PDF က စစ်ရေးဌာန၊ ဌာနကြီးမှူး ရဲဘော်မုန်တိုင်းနဲ့ ဘဏ္ဍာရေးဌာနက ဌာနကြီးမှူး ရဲဘော်နိုင်ကြီးတို့နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးချက်တွေကို NUG ကာကွယ်ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ဒီထုတ်ပြန်ချက်မှာ ရဲဘော်မုန်တိုင်းကို လူမှုရေးကိစ္စအတွက် ပြစ်ဒဏ် ၆ လ ကျခံနေရချိန်မှာ ရဲဘော်နိုင်ကြီးနဲ့ ပေါင်းပြီး တပ်ဖွဲ့ပိုင် ရွှေ ၁၆ ပိဿာကျော်ကို လုပ်ပိုင်ခွင့်ကိုကျော်လွန်ထုတ်ယူတယ်လို့ ဖော်ပြပါတယ်။

ရဲဘော်မုန်တိုင်းနဲ့ လူမှုရေးကိစ္စပတ်သက်ခဲ့သူက ဘဏ္ဍာရေးဌာနရဲ့ (ယခင်ဖွဲ့စည်ပုံ)ဌာနမှူးလို့ ဖော်ပြထားပါတယ်။

၂၀၂၅ က ဒီဖြစ်စဥ်ကို ရဲဘော် ၂ ဦးလုံးက ဝန်ခံထားပေမဲ့ ရွှေတွေပြန်အပ်ဖို့၊ ပြစ်ဒဏ်ကျခံဖို့ကို ရှောင်လွှဲခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မှာ တာဝန်အားလုံးကရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းပြီး အချုပ်မှာ ထိန်းသိမ်းထားတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်အရ ဆက်လက်စုံစမ်းစစ်ဆေးရမယ့် ကိစ္စရပ်တွေရှိနေတာကြောင့် ရဲဘော် ၂ ဦးကို ဆက်ထိန်းသိမ်းထားတာလို့ နားလည်ရပါတယ်။

စစ်ဘက်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းတွေအတိုင်း ကောင်းမွန်စွာထိန်းသိမ်းကာ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရဲဘော်မုန်တိုင်းနဲ့အတူ MDY PDF တည်ထောင်ချိန်မှာ အတူပါဝင်တဲ့ စစ်ဦးစီးအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ MDY Truth အဖွဲ့ကတော့ "လူမှုရေးကိစ္စဆိုပြီး ထပ်တိုး ထပ်မံပုံဖော်လာတာဟာ အင်မတန်သေးသိမ်တဲ့လုပ်ရပ်ပါ" လို့ NUG ထုတ်ပြန်ချက်ကို မှတ်ချက်ပေးပါတယ်။

"သူ့တပည့် အိမ်ထောင်မရှိအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့တာရှိပါတယ်။ သူလည်း လူပျိုလူလွတ်ပါ" လို့ MDY Truth အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့နှစ်ဦး ဖမ်းဆီးခံရမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တအာင်းတပ် TNLA နဲ့ တော်လှန်ရေးတပ်တွေ မိုးကုတ်၊ မိုးမိတ်က ဆုတ်ခွာဖို့ စစ်တပ်က ဆွေးနွေးလာချိန်မှာ စတင်တာလို့ MDY Truth အဖွဲ့က လူမှုကွန်ရက်မှာဆိုထားပါတယ်။

တကောင်းနယ်မြေကို တပ်တွေပြောင်းရွှေ့အခြေချခိုင်းတဲ့ကိစ္စမှာ ရဲဘော်မုန်တိုင်းနဲ့ တပ်ဖွဲ့တွင်းသဘောထားကွဲကြလို့ ဖမ်းဆီးခံရတာလို့ အဖွဲ့ပြောဆိုချက်မှာ ရေးသားထားပါတယ်။ MDY PDF အောက်ခြေရဲဘော်တချို့ကလည်း ရဲဘော်မုန်တိုင်းတို့ကိုလွှတ်ပေးဖို့ NUG ယာယီသမ္မတဆီကို ပြီးခဲ့တဲ့မေလအစပိုင်းမှာ စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။

ဘန်ကောက် လူသတ်မှု ဝရမ်းထုတ်ခံရသူ ဟင်္သာတမှာဖမ်းမိ

 ဇွန် ၁၂ ရက်က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့တဲ့ အခင်းဖြစ်ပွားရာ ဒင်းဒန်းအရပ်က အခန်း

ဓာတ်ပုံ ရင်းမြစ်, Nakon45

ဓာတ်ပုံ ပုံစာ, ဇွန် ၁၂ ရက်က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့တဲ့ အခင်းဖြစ်ပွားရာ ဒင်းဒန်းအရပ်က အခန်း

အဖေကိုယ်တိုင် ရဲကိုအကြောင်းကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နေအိမ်မှာ အသက် ၃၄ နှစ်အရွယ် အတူနေအမျိုးသမီးကို သတ်ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ထိုင်းအာဏာပိုင်က ဖမ်းဝရမ်းထုတ်ထားတဲ့ အောင်ပြည့် (ခ) အောင်ပေကို ဒီမနက် ဟင်္သာတမြို့နေအိမ်မှာ ဖမ်းဆီးရမိတယ်လို့ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းက ပြောပါတယ်။

"သူ့မိသားစုပြောတာတော့ ထိုင်းကနေ မနေ့ကပြန်ရောက်တယ်လို့ပြောတယ်။ ထိုင်းမှာဖြစ်ခဲ့တာကို သူ့မိသားစုကိုပြောပြတော့ မိသားစုဘက်ကဖျောင်းဖျပြီး ဒီမနက်အစောပိုင်းမှာ သူ့အဖေက လာဖမ်းဖို့ အကြောင်းကြားတာ"လို့ ဦးစိုးမင်းထွန်းက ပြောပါတယ်။

အကောင်းတိုင်းတောင် ပြန်မရတော့တဲ့ အလောင်းကြောင့် ထိုင်းလူထုကြားမှာလည်း ဒီအမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ထိုင်းသတင်းတချို့က ဖော်ပြပါတယ်။

"ရဲတပ်ဖွဲ့ကတော့ ထိုင်းဘက်နဲ့ဆက်ချိတ်ဆက်ပြီး လုပ်မယ်ထင်ပါတယ်" လို့ ဦးစိုးမင်းထွန်းက ပြောပါတယ်။

မနက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရဲတပ်ဖွဲ့က အောင်ပြည့်(ခ) အောင်ပေကို မြဝတီရပ်ကွက်၊ သီတာလမ်းနေအိမ်ဖမ်းဆီးခဲ့တာပါ။

သေဆုံးသူအမျိုးသမီးဟာ ဘန်ကောက်၊ ခလောင်တွိုင်းအရပ်မှာ စားပွဲထိုးလုပ်ကိုင်ပြီး ဇွန် ၅ ရက်ကတည်းက ပျောက်ဆုံးသွားတာပါ။

ဇွန် ၉ ရက်မှာ ဆွေမျိုးတစ်ဦးက ထိုင်းရဲကို တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။ စီစီတီဗွီမှတ်တမ်းအရ အောင်ပြည့်က သေဆုံးသူအမျိုးသမီးကို ဇွန် ၅ ရက်မှာ အလုပ်ကနေ လာကြိုခဲ့တာဖြစ်ပါတယ်။

ရဲမှတ်တမ်းအရ အောင်ပြည့်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ခရီးဆောင်အိတ်အကြီးကိုဆွဲပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

မွန်က အတွဲလိုက်ဆောင်းဘောက်စ်တွေ တားဆီးမယ့်အဆို လွှတ်တော်အတည်ပြု

ဇွန် ၉ ရက်က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဇွန် ၉ ရက်က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) မြင်ကွင်း

အတွဲလိုက်ဆောင်းဘောက်စ်တွေရဲ့ ဆူညံသံကြောင့် လူထုကျန်းမာရေးကို ထိခိုက်လာတဲ့အတွက် ထိထိရောက်ရောက် အရေးယူ ပိတ်ပင်တားဆီးဖို့အဆိုကို မွန်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဇွန် ၁၂ ရက်က ပြုလုပ်တဲ့ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)မှာ အတည်ပြုလိုက်တာပါ။

မွန်ပြည်နယ်မှာ အသံချဲ့စက်၊ ဆောင်းဘောက်စ်တွေ ၁၀ လုံးထက်မနည်း မော်တော်ယာဥ်ပေါ်တင်ပြီး အသံပိုကျယ်တဲ့ အဖွဲ့က အနိုင်ရတယ်ဆိုတဲ့ ပြိုင်ပွဲပုံစံလို လုပ်လာကြတာပါ။

ဒီလို ဆူညံတဲ့အသံတွေဖြစ်ပေါ်စေတဲ့ လုပ်ရပ်ကို ပိတ်ပင်တားဆီးဖို့အဆိုကို ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ဇွန် ၉ ရက်မှာ အဆိုတင်ခဲ့တာပါ။

ဒီအဆိုကို ချောင်းဆုံ၊ ကျိုက်ထို၊ ကျိုက်မရောနဲ့ ဘီးလင်းကအမတ်တွေကလည်း ထောက်ခံခဲ့တာပါ။ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးဦးတင်ဇော်ထွန်းက ဒီလိုအတွဲလိုက်ဆောင်းဘောက်စ်ဖွင့်တာတွေကို ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအတိုင်းအရေးယူမယ်လို့ ပြည်နယ်လွှတ်တော်မှာ ပြောပါတယ်။ ဒီဥပဒေအရ အသံချဲ့စက်ဖွင့်လှစ်ဖို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ အနည်း ဆုံး ၃ ရက် ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဖွင့်လှစ်မှုတွေကြောင့် ထိခိုက်မှုတွေရှိလာရင် ငွေဒဏ် ၁ သောင်းကျပ်ဖြစ်စေ၊​ ငွေဒဏ်ပေးဖို့ ပျက်ကွက်ရင် ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်တွေ့ခွင့်မရ

တတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Khin Yi

ဓာတ်ပုံ ပုံစာ, တတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမြင်ကွင်း (ပုံဟောင်း)

လွှတ်တော်အမတ်တွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်ဆိုရင် လွှတ်တော်ရုံးကို တင်ပြရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေကို ညွှန်ကြားလာတယ်လို့ နိုင်ငံရေးပါတီတချို့ဆီကနေ သိရပါတယ်။

"ဒီညွှန်ကြားချက်ရောက်တာ ဟုတ်ပါတယ်"လို့ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားသံရုံးတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံရင် ကော်မရှင်ကို ကြိုတင်တင်ပြရမယ်ဆိုတဲ့ကန့်သတ်ချက်က ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရှိခဲ့ပြီးဖြစ်ပါတယ်။

အခုလို လွှတ်တော်တွေ ပေါ်လာတဲ့အထိ ဒီကန့်သတ်ချက်ဟာ အမတ်တွေအပေါ် ဆက်လက် သက်ရောက်နေတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ လွှတ်တော်ရုံးကို တင်ပြရင်ရွေး ကောက်ပွဲကော်မရှင်ကို မိတ္တူ ပို့ပေးရမယ်လို့ ပြောထားပါတယ်။

ပါတီတွေအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းနဲ့ ခွင့်ပြုချက်မရဘဲတွေ့ရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ နဲ့ အရေးယူခံရနိုင်ပြီး ဒီပုဒ်မအရ ပါတီဖျက်သိမ်းခံရနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက PPPပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို နိုင်ငံခြားသံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတယ်ဆိုပြီး ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။

စစ်တပ်ပိုင် Mytel ရဲ့ ကမ္ဘာ့ဖလားကြော်ငြာစာမျက်နှာကို facebook ဖယ်ရှား

JFM ရဲ့ ဇွန် ၁၃ ရက်၊ ထုတ်ပြန်ချက်နဲ့အတူ ဖော်ပြထားတဲ့ TV360 Myanmar စာမျက်နှာ ဖုန်းမျက်နှာပြင်ရိုက်ကူးထားတဲ့ပုံတွေနဲ့ ဂရပ်ဖစ်ပုံ

ဓာတ်ပုံ ရင်းမြစ်, JFM

ဓာတ်ပုံ ပုံစာ, JFM ရဲ့ ဇွန် ၁၃ ရက်၊ ထုတ်ပြန်ချက်နဲ့အတူ ဖော်ပြထားတဲ့ TV360 Myanmar စာမျက်နှာ ဖုန်းမျက်နှာပြင်ရိုက်ကူးထားတဲ့ပုံတွေနဲ့ ဂရပ်ဖစ်ပုံ

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က စစ်တပ်ပိုင် Mytel ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြော်ငြာဖို့ အသုံးပြုနေတဲ့ TV360 Myanmar စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar က ပြီးခဲ့တဲ့နာရီပိုင်းက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာက မြန်မာအတွက် Mytel ကို ကမ္ဘာ့ဖလားပွဲ ပြသခွင့် တစ်ဦးတည်း မီဒီယာ မိတ်ဖက်အဖြစ် ခွင့်ပြုထားတာဖြစ်ပါတယ်။

Justice for Myanmar က ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချထားသလို TV360 စာမျက်နှာကိုလည်း ဖြုတ်ချပေးဖို့ သောကြာနေ့အစောပိုင်းမှာ Facebook ကို အသိပေးတိုင်ကြားခဲ့တာပါ။

Meta ရဲ့ ပလက်ဖောင်းတွေမှာ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို အသုံးပြုခွင့်တားမြစ်ပိတ်ပင်တဲ့ မူဝါဒအရ တိုင်ခဲ့တာလို့ JFM က ဆိုပါတယ်။ ဆက်သွယ်ရေးအော်ပရေတာ Mytel ရဲ့ အကျိုးအမြတ် ခန့်မှန်းချက်တွေအရ မြန်မာစစ်တပ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေဟာ လုပ်ငန်းစတင်လည်ပတ်တဲ့ ငါးနှစ်ကနေ ကိုးနှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်တယ်လို့ JFM က ဖော်ပြပါတယ်။

ဒီနောက်ပိုင်း ငါးနှစ်အတွင်းမှာလည်း နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်တာကြောင့် စစ်ဗိုလ်ချုပ်တွေအတွက် အလွန်ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ်လို့ ဆိုထားတာပါ။

လူမှုကွန်ရက်ကနေ ကမ္ဘာ့ဖလားကြော်ငြာစာမျက်နှာဖြုတ်ချခံရတာနဲ့ ပတ်သက်လို့ ဘီဘီစီက Mytel ဘက်ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။